၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရွှေတြိဂံဧရိယာ လာအိုအထူးစီးပွားရေးဇုန်အတွင်း သွားရောက်လုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အချင်းချင်း သတ်ဖြတ်ကာ ဝတ်ဆင်ထားတဲ့ ရွှေတွေယူဆောင်ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
သတ်ဖြတ်ခံရသူမှာ King Roman ကာစီနိုအထူးစီးပွားရေးဇုန်အတွင်း ကွမ်းယာရောင်းချနေသူဖြစ်ပြီး ဦးမြင့်ဌေး(ခ)ဘောစိဆိုသူဖြစ်ပြီး တပ်ကုန်းမြို့နယ်၊ ကံကြီးအုပ်စု၊ နောင်ဘိုအိုကျေးရွာမှာနေထိုင်သူဖြစ်ပြီး သတ်ဖြတ်ကာ ရွှေနဲ့ အတွင်းပစ္စည်းတွေကို ယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ လာအိုအထူးစီးပွားရေးဇုန်အတွင်း နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“အခုသတ်သွားတဲ့သူတွေက အရင်ကလဲ လူကိုသတ်ပြီး ရွှေတွေယူသွားတာတဲ့၊ သတ်တာက ဆိုင်ကယ်စီးသွားရင်း အနောက်ကနေဓါးနဲ့ ထိုးသတ်ခဲ့တာလို့ပြောတယ်၊ ပြောနေကြတာတော့ အရင်ကလဲ အဲ့လို လူသတ်လိုက်၊ ဓါးပြတိုက်လိုက်၊ လောင်းကစားလုပ်လိုက်နဲ့ လုပ်နေကြတဲ့သူတွေလို့ ပြောတယ်”လို့ လာအို အထူးစီးပွားရေးဇုန်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ပြီးရွှေတွေလုယူသွားသူမှာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အုန်းပင်ရွာက နေမင်းနိုင်(ခ)ကျောင်းဆရာနဲ့ မင်းမင်းဆိုသူ (၂)ဖြစ်ပြီး နိုဝင်ဘာ(၄)ရက်နေ့ကတည်းက သတ်ဖြတ်ပြီး မဲခေါင်မြစ်ကူးကာ တာချီလိတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
လာအိုအထူးစီးပွားရေးဇုန်အတွင်းမှာ မြန်မာနိုင်ငံသား လူဦးရေ (၃)သောင်းနီးပါး ကာစီနိုလုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းမျိုးစုံမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး ၂၀၀၉ ခုနှစ်ကစတင်ကာ အထူးစီးပွားရေးဇုန်စတင်တည်ဆောက်ကတည်းက မြန်မာနိုင်ငံသားတွေ ဝင်ရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

