၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ချင်းခေါင်ခရိုင်မှာ ရပ်ရွာသုံးရေပိုက်ရေထဲ အာဆင်းနစ်ပါဝင်မှု စံနှုန်းထက် ၄၁ ဆကျော် မြင့်မားနေတဲ့အတွက် ဒေသခံတွေကို အဲဒီရေ သောက်သုံးတာမပြုဖို့ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။
ကျန်းမာရေးဌာနရဲ့ ဓာတ်ခွဲစစ်ဆေးချက်အရ ကန်နွားရွာက ရေပိုက်ရေ တစ်လီတာမှာ အာဆင်းနစ် ၀.၄၁၅ မီလီဂရမ်အထိ ပါဝင်နေတာဖြစ်ပါတယ်။ ရေစစ်စနစ်ကို သန့်ရှင်းရေးလုပ်ပြီး စစ်ထုတ်ပစ္စည်းတွေ လဲလှယ်ခဲ့ပေမဲ့ အာဆင်းနစ်ပမာဏဟာ သတ်မှတ်စံနှုန်းထက် အဆ ၂၀ မြင့်မားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဟွေ့ဆိုကျေးရွာအုပ်စုအတွင်းရှိ ရွာ ၁၂ ရွာရဲ့ မြေအောက်ရေတွေမှာလည်း အာဆင်းနစ်တွေ့ရှိထားပြီး ၂ ရွာမှာတော့ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေပါတယ်။ ရေထဲမှာ ဖလိုရိုက်ဓာတ်ပါဝင်မှုလည်း စံနှုန်းထက် ၆.၃၇ ဆ မြင့်မားနေတယ်လို့ သိရပါတယ်။
အဲဒီဒေသဟာ ရွှေသတ္တုရိုင်းကြောပေါ်မှာ တည်ရှိနေတာကြောင့် မြေအောက်ရေတွေမှာ အာဆင်းနစ်ပါဝင်မှုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေက မြေအောက်ရေတွင်းအသစ် တူးဖော်တာကိုလည်း ရပ်ဆိုင်းထားပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ဟွေ့ယက်ဆိုင်ရေလှောင်ကန်ကနေ ရေယူသုံးစွဲနိုင်ရေး ၈ ကီလိုမီတာရှည်တဲ့ ရေပိုက်လိုင်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပြီး လာမယ့် ဒီဇင်ဘာလမှာ အသုံးပြုနိုင်ဖို့ မျှော်မှန်းထားပါတယ်။
လက်ရှိမှာလည်း စည်ပင်သာယာက အိမ်ထောင်စုတစ်စုကို တစ်နေ့ ရေသန့် ၁၀၀ လီတာခန့် အခမဲ့ပေးဝေနေပြီး အာဆင်းနစ်စစ်ထုတ်စက်အသစ် ၃ လုံးကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

