၁၅ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ အလှအပဆေးခန်းတစ်ခုမှာ ကြိုတင်ငွေပေးပြီး ကုသမှုအစီအစဉ်တွေ ဝယ်ယူထားပေမဲ့ ဆေးခန်းပိတ်သွားတာကြောင့် ဝန်ဆောင်မှုမရရှိတဲ့ လူ ၁၂ ဦးက ငွေပြန်လည်ရရှိရေးအတွက် ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှာ နစ်နာသူ ၁၂ ဦးဟာ မယ်ဆိုင်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ကြတာဖြစ်ပြီး အလှအပဆိုင်ရာ ကုသမှုတွေ၊ ဗီတာမင်ထိုးခြင်းနဲ့ အဆီချကုသမှုတွေအတွက် ဘတ်ငွေကြိုတင်ပေးချေထားခဲ့ကြတာလို့ ဆိုပါတယ်။
ဆေးခန်းဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလလယ်ခန့်ကတည်းက လုပ်ငန်းရပ်ဆိုင်းပြီး ပိတ်သွားခဲ့တာဖြစ်သလို ကျန်ရှိနေတဲ့ ကုသမှုတန်ဖိုးငွေတွေ ပြန်တောင်းရာမှာလည်း ပြန်လည်ပေးချေခြင်းမရှိခဲ့ဘူးလို့ နစ်နာသူတွေက ပြောပါတယ်။
နစ်နာသူတချို့ရဲ့ ပြောဆိုချက်အရ တစ်ဦးကို ဘတ် ၂၄,၀၀၀ ကျော်၊ တစ်ဦးကို ဘတ် ၂၉,၀၀၀ နဲ့ အခြားတစ်ဦးကတော့ ကုသမှုအစီအစဉ် ၂ ခုအတွက် ဘတ် ၅၀,၀၀၀ ပေးချေထားကြောင်း သိရပါတယ်။
နစ်နာသူတွေဟာ မယ်ဆိုင်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတဲ့အပြင် ချင်းရိုင်ခရိုင် စားသုံးသူကာကွယ်ရေးရုံးကိုလည်း တိုင်ကြားထားပြီး ဆေးခန်းပိုင်ရှင်ကို ခေါ်ယူစစ်ဆေးကာ ကျန်ရှိနေတဲ့ ငွေတွေ ပြန်လည်ပေးအပ်ရေးနဲ့ ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် အလားတူ ငွေကြိုတင်ပေးချေပြီး နစ်နာခဲ့သူတွေ ထပ်မံရှိနိုင်သလို အိမ်နီးချင်းနိုင်ငံတွေက လာရောက်ကုသသူတွေလည်း ပါဝင်နိုင်တယ်လို့ နစ်နာသူတွေက ပြောဆိုထားပါတယ်။

