၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က တာချီလိတ် ကျောင်းမှာ စာသင်ချိန်အတွင်း ဆရာ၊ ဆရာမများ ဖုန်းမသုံးရန် စည်းကမ်းထုတ်ထားပြီး မလိုက်နာပါက ဖုန်းသိမ်းယူမယ်လို့ ကျောင်းအုပ်ဆရာကြီးက စည်းကမ်းချက်ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းအုပ် ဆရာကြီး ထုတ်ပြန်ရာမှာ နိုဝင်ဘာလ ပထမ အပတ်အတွင်းမှာ လိုက်နာရမယ့် စည်ကမ်း (၃) ချက်ဟုဆိုကာ သတ်မှတ်လိုက်ပြီး ကျောင်းရဲ့ အဝင်၊ အထွက် ဂိတ်တံခါးပေါက်ဝတွေမှာ ဗီနိုင်းချိတ်ဆွဲထားကာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဆိုပါစည်းကမ်းချက်တွေမှာ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ တယ်လီဖုန်း၊ Smart Watch၊ ဓာတ်ပုံရိုက်ကူးရေးနဲ့ အသံဖမ်း၊ အသံလွှင့်ပစ္စည်းများအပြင် Tablet နဲ့ Laptop များကိုလည်း ကျောင်းဝင်းအတွင်း ယူဆောင်လာခွင့်မပြုဟု ဖော်ပြထားပါတယ်။
ဆရာ၊ ဆရာမများအနေနဲ့လည်း စာသင်ချိန်အတွင်း ဖုန်းမသုံးရန်နဲ့ မည်သူ တစ်ဦး တစ်ယောက်မှ ကျောင်းအုပ်ကြီး သို့မဟုတ် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျောင်းဝင်း၊ ကျောင်းဆိုင်းဘုတ်၊ ကျောင်းအဆောက်အအုံနဲ့ စာသင်ခန်းများကို ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်း မပြုရန်လည်း သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက အသုံးပြုတဲ့ ပစ္စည်းများကို ကျောင်းဘက်မှ သိမ်းဆည်းသွား မယ်လို့ အ.ထ.က တာချီလိတ် ကျောင်းအုပ်ဆရာကြီးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
#ဆရာ၊ဆရာမများ

