Language:

ရုရှားနှင့် ယူကရိန်း မြို့တော်နှစ်ခုကို အပြန်အလှန် တိုက်ခိုက်


ရုရှားနှင့် ယူကရိန်း မြို့တော်နှစ်ခုကို အပြန်အလှန် တိုက်ခိုက်

၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ရုရှားနဲ့ ယူကရိန်းတို့ဟာ ဒီနေ့ မနက်အစောပိုင်းမှာ တစ်ဖက်နိုင်ငံရဲ့ မြို့တော်တွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။ အမေရိကန်ကြားဝင်စေ့စပ်တဲ့ အဘူဒါဘီ ဆွေးနွေးပွဲ ပြီးဆုံးပြီး နာရီပိုင်းအကြာမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဒေသစံတော်ချိန် မနက် ၁ နာရီမတိုင်ခင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ပေါက်ကွဲသံတွေနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ကို မသိရသေးပါဘူး။

တစ်ဖက်မှာလည်း မော်စကိုမြို့တော်ဘက်ကို ဦးတည်လာတဲ့ ယူကရိန်းဒရုန်း ၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်က ပြောပါတယ်။

အခုတိုက်ခိုက်မှုတွေ မဖြစ်ခင် ဗုဒ္ဓဟူးနေ့ကလည်း ရုရှားဟာ ယူကရိန်းအလယ်ပိုင်းက လျှပ်စစ်ဓာတ်အားခွဲရုံကြီး ၆ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောထားပါတယ်။ နိုဝင်ဘာ ၇ ရက်ကလည်း ကိယက်ဗ်နဲ့ အနီးဝန်းကျင်ကို ရုရှားက ဒုံးကျည် ၃၆ စင်း ပစ်ခတ်ခဲ့တာကြောင့် လျှပ်စစ်၊ အပူပေးစနစ်နဲ့ ရေပေးဝေမှုတွေ ပြတ်တောက်ခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ အဘူဒါဘီဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဟာ စစ်သုံ့ပန်း ၁,၀၀၀ ကျော်စီ ပါဝင်နိုင်တဲ့ အကြီးစားလဲလှယ်ရေးတစ်ရပ် ပြုလုပ်ဖို့ မူအားဖြင့် သဘောတူထားပါတယ်။ လာမယ့် ၂ ပတ်ကနေ ၃ ပတ်အတွင်း လဲလှယ်နိုင်ဖို့ ဆွေးနွေးနေကြပေမဲ့ နယ်မြေပိုင်ဆိုင်မှုနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာတော့ သဘောတူညီမှု မရသေးပါဘူး။

အမေရိကန်ကိုယ်စားလှယ် ဂျာရတ် ကူရှနာနဲ့ စတိဗ် ဝစ်ကော့ဖ်တို့ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကိုကို သွားရောက်မှာဖြစ်ပြီး အဲဒီနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

#ရုရှား

#ယူကရိန်း

#ကိယက်ဗ်

#မော်စကို

#စစ်ပွဲ

ဆက်စပ်သတင်းများ

Eastern Thanlwin