၁၂ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)
NPW
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီကို ကိုယ်စားလှယ် ၉၀ ဦးနဲ့ ဖွဲ့စည်းလိုက်ပြီး ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ သက်တမ်းတွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယကဖြစ်တဲ့ ဦးဂျဲန်ဖန်နော်တောင်က နိုဝင်ဘာ ၁၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
“ ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ စုစုပေါင်း ၉၀ ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ” လို့ ဒုတိယနာယကက ပြောပါတယ်။
ယခုဖွဲ့စည်းလိုက်တဲ့ ပူးပေါင်းကော်မတီအနေနဲ့ ကော်မတီအနေနဲ့ ဥပဒေမူကြမ်းပြုစုတင်ပြတာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် မ ၄၃၆၊ ပုဒ်မခွဲ(က)ပါ ပုဒ်မ၊ ပုဒ်မခွဲတွေနဲ့ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)ပါ ပုဒ်မ၊ ပုဒ်မခွဲတွေအတွက် ပြင်ဆင်လိုတဲ့ ဥပဒေကြမ်းကို သီးခြားစီရေးဆွဲပြီး တပေါင်းတည်းတင်ပြရမှာဖြစ်သလို ပြည်ထောင်စု သဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တို့ကိုလည်း လေ့လာဆန်းစစ်ကာ သက်ဆိုင်တဲ့ ကိစ္စတွေကိုလည်း တစ်ပေါင်းတည်း ထည့်သွင်းသွားရမှာ ဖြစ်ပါတယ်။
ယင်းနောက် လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး ကော်မတီရဲ့ သက်တမ်းအနေနဲ့ စတင်ဖွဲ့စည်းတဲ့နေ့ကစလို့ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတင်သွင်းပြီးတဲ့ အချိန်ထိ ဖြစ်တယ်လို့ သိရပါတယ်။
အခြေခံဥပဒေရဲ့ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို ပြင်ဆင်နိုင်ဖို့နဲ့ ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) ပါအချက်တွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုရေး ပူးပေါင်း ကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းဖို့ အဆိုကို နိုဝင်ဘာ ၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီးအမှတ်(၇)က ဦးဇင်မင်းထက်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ရဲ့ ပြဌာန်းချက်တွေအရ ပြင်ဆင်တဲ့အဆင့် မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာသုံးသပ် အကောင်အထည်ဖော်နိုင်မယ့် ယန္တရားတစ်ရပ် စနစ်တကျဖွဲ့စည်းတာဖြစ်ပါတယ်။

