၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်၌ စတင်ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ နီးပါး ချထားမည်ဟု ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ကြေညာသည်။
ရဲတပ်ဖွဲ့ဝင်များသည် အစည်းအဝေးကျင်းပမည့်နေရာများ၊ ဟိုတယ်များ၊ တည်းခိုရာနေရာများနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ ယာဉ်တန်းသွားလာမည့် လမ်းကြောင်းများတွင် လုံခြုံရေးယူမည်ဖြစ်သည်။ အစည်းအဝေးအများစုကို မနီလာမြို့တော်အနီး ပါဆေမြို့ရှိ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်သည်။
ရဲချုပ် ဗိုလ်ချုပ်ကြီး ဟိုဆေး မယ်လန်စီယို နာတာတက်ဇ် ဂျူနီယာက အစည်းအဝေးကာလအတွင်း ရဲတပ်ဖွဲ့ကို အမြင့်ဆုံးသတိပေးအခြေအနေဖြင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး စစ်တပ်၊ သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့် အခြားအစိုးရဌာနများ ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။
မနီလာမြို့တော်ရဲတပ်ဖွဲ့ကလည်း ထောက်လှမ်းရေးနှင့် စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်။ အစည်းအဝေးကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်တစ်စုံတစ်ရာ အတည်ပြုထားခြင်းမရှိသေးသော်လည်း ခြိမ်းခြောက်မှု ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်းနေမည်မဟုတ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။
သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ ညွှန်ကြားချက်ဖြင့် လုံခြုံရေးပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြင်ဆင်မှု ၉၀ မှ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ နိုင်ငံ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ရန် မျှော်လင့်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ဖွယ်ရှိသည်။

