Language:

လျှပ်စစ်ကားဈေးကွက်မှာ Cybertruck လို ကားကြီးတွေ ဆုတ်ခွာပြီး ကားငယ်တွေ နေရာယူလာ


လျှပ်စစ်ကားဈေးကွက်မှာ Cybertruck လို ကားကြီးတွေ ဆုတ်ခွာပြီး ကားငယ်တွေ နေရာယူလာ

၈ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

အမေရိကန်လျှပ်စစ်ကားဈေးကွက်မှာ ဘက်ထရီအရွယ်အစားကြီးမားတဲ့ ပစ်ကပ်ကားတွေ ထုတ်လုပ်မှုရပ်ဆိုင်းလာပြီး ဈေးနှုန်းသက်သာတဲ့ ကားငယ်လျှပ်စစ်မော်ဒယ်တွေဘက်ကို ကားထုတ်လုပ်သူတွေ ဦးတည်လာနေပါတယ်။ ဒီအပြောင်းအလဲဟာ လျှပ်စစ်ကားဈေးနှုန်းလျှော့ချနိုင်သလို ဘက်ထရီထောက်ပံ့ရေးကွင်းဆက်အတွက်လည်း အကျိုးရှိလာနိုင်တယ်လို့ လျှပ်စစ်ကားထုတ်လုပ်သူတွေက သုံးသပ်ထားကြပါတယ်။

Tesla ဟာ တက္ကဆက်ပြည်နယ်ရှိ စက်ရုံမှာ Cybertruck ထုတ်လုပ်မှုကို လာမယ့်နှစ်မှာ ရပ်ဆိုင်းဖို့ စီစဉ်ထားပြီး အလားတူ Ford ကလည်း လျှပ်စစ်ပစ်ကပ်ကား F-150 Lightning ထုတ်လုပ်မှုကို ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းခဲ့ပါတယ်။

Cybertruck မှာ 123 ကီလိုဝပ်နာရီ ဘက်ထရီတပ်ဆင်ထားပြီး အလေးချိန် ပေါင် ၁,၆၀၀ ဝန်းကျင်ရှိပြီး Ford ရဲ့ F-150 Lightning မှာလည်း 98 ကနေ 131 ကီလိုဝပ်နာရီအထိရှိတဲ့ ဘက်ထရီတွေ အသုံးပြုထားတာကြောင့် ဘက်ထရီထောက်ပံ့ရေးအတွက် ဝန်ထုတ်ဝန်ပိုးလျှော့ချဖို့ ကုမ္ပဏီတွေက ထုတ်လုပ်မှုကို ရပ်ဆိုင်းနေကြတာဖြစ်ပါတယ်။

အခုလို ဘက်ထရီအကြီးစား လျှပ်စစ်ပစ်ကပ်ကားတွေ ထုတ်လုပ်မှုရပ်ဆိုင်းလာချိန်မှာ Ford က ဒေါ်လာ ၃၀,၀၀၀ အောက်တန်ဖိုးရှိမယ့် လျှပ်စစ်ပစ်ကပ်ကားငယ်တစ်မျိုးကို မိတ်ဆက်ဖို့ စီစဉ်နေပြီး Slate ကလည်း ဒေါ်လာ ၂၅,၀၀၀ အောက်တန်ဖိုးရှိတဲ့ လျှပ်စစ်ပစ်ကပ်ကားငယ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

Rivian ကလည်း R2 နဲ့ R3 အမည်ရှိ အရွယ်အစားပိုသေးတဲ့ လျှပ်စစ် SUV မော်ဒယ်တွေကို ဈေးကွက်တင်လာပါတယ်။

ကားအရွယ်အစားသေးငယ်လာတာဟာ ဘက်ထရီအသုံးပြုမှုနည်းစေပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်တာကြောင့် လျှပ်စစ်ကားတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနိုင်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ လက်ရှိ အမေရိကန်မှာ လျှပ်စစ်ကားအသစ်တစ်စီးရဲ့ ပျမ်းမျှဝယ်ယူဈေးဟာ ဒေါ်လာ ၅၅,၈၀၀ ဝန်းကျင်ရှိနေပါတယ်။

ဒါ့အပြင် ဘက်ထရီအရင်းအမြစ်တွေကို ကားတစ်စီးချင်းစီမှာ အများကြီးအသုံးပြုစရာမလိုတော့တာကြောင့် လျှပ်စစ်ကားထုတ်လုပ်မှု တိုးချဲ့ရာမှာလည်း အထောက်အကူဖြစ်လာနိုင်ပါတယ်။

Tesla ကတော့ Cybertruck ထုတ်လုပ်မှုနေရာမှာ ဘက်ထရီ 48 ကီလိုဝပ်နာရီသာ အသုံးပြုမယ့် Cybercab အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေ ပိုမိုထုတ်လုပ်သွားမယ်လို့ ပြောထားပါတယ်။

အမေရိကန်မှာ လျှပ်စစ်ကားဝယ်ယူမှုဆိုင်ရာ အစိုးရမက်လုံးတွေ ရပ်ဆိုင်းပြီးနောက် ရောင်းအားကျဆင်းခဲ့ပေမဲ့ ဓာတ်ဆီဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ လျှပ်စစ်ကားအပေါ် စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာနေပါတယ်။

#Tesla

#Cybertruck

#ElectricVehicles

#EVMarket

#BatterySupplyChain

#Ford

ဆက်စပ်သတင်းများ

Eastern Thanlwin