Language:

ဂျပန်က မြန်မာကို FATF အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ခြင်းမရှိဟု ငြင်းဆို


ဂျပန်က မြန်မာကို FATF အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ခြင်းမရှိဟု ငြင်းဆို

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မြန်မာနိုင်ငံကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ခြင်းမရှိကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ FATF အစည်းအဝေးမှာ ဂျပန်က မြန်မာကို စာရင်းကနေ ဖယ်ရှားပေးဖို့ ထောက်ခံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို တုံ့ပြန်ခဲ့တာပါ။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာကို စာရင်းကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာမရှိကြောင်းနဲ့ ငွေကြေးခဝါချမှုနဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို တားဆီးနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်းလဲ ပြောထားပါတယ်။

တစ်ဖက်မှာတော့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ FATF စာရင်းကနေ ထွက်နိုင်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုထားတယ်လို့ ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ တိုက်တွန်းနေပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပြီး ကျန်နိုင်ငံတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်မှတ်ချက်ပေးတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းစစ် ပိုမိုပြင်းထန်လာတဲ့ ၂၀၂၂ ခုနှစ်မှာ FATF ရဲ့ အန္တရာယ်မြင့်နိုင်ငံ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရတာပါ။

အဲဒီစာရင်းဝင်ထားတဲ့အတွက် မြန်မာနိုင်ငံနဲ့ ငွေကြေးအရောင်းအဝယ်လုပ်တဲ့အခါ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ဘဏ်တွေက ငွေကြေးလွှဲပြောင်းမှုတွေကို ပိုမိုတင်းကျပ်စွာ စိစစ်ရပါတယ်။

အောက်တိုဘာ ၃၀ ရက် ပါရီအစည်းအဝေးအပြီးမှာလည်း မြန်မာနိုင်ငံကို FATF အမည်ပျက်စာရင်းကနေ ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်ထားရှိခဲ့ပါတယ်။

#Japan

#FATF

#MoneyLaundering

#EasternThanLwin

#Myanmar

ဆက်စပ်သတင်းများ

Eastern Thanlwin