၂ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
မြန်မာနိုင်ငံတွင်း အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ ဈေးကစားနေတဲ့ပေါ် ထိန်းချုပ်နိုင်ဖို့ အခွန်ဥပဒေသစ် ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီက သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန်ပြောကြားလိုက်တာဖြစ်ပါတယ်။
နိုင်ငံအနှံ အိမ်ခြံမြေဈေးကွက်ကို ငွေကြးတတ်နိုင်သူတွေက မြေအများအပြားဝယ်ယူထားပြီး ဝယ်ယူထားတဲ့ မြေဈေးထက် အဆမတန် ဈေးတင်ကာ ပြန်ရောင်းချပြီး ဈေးကစားနေကြတာဖြစ်ပါတယ်။
“အိမ်ခြံမြေအတွက် သီးသန့် Property Tax Law မရှိသေးဘူး၊ National Property Tax Law ပေါ်ပေါက်နိုင်ဖို့ မူကြမ်းတွေကို လေ့လာနေပါတယ်” လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမပြုသေးပေမယ့် အကြံပြုချက်တွေကို ရှေ့နေချုပ်ရုံးထံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
ဥပဒေထွက်ပေါ်လာခဲ့ရင် တိုင်းပြည်ရဲ့ ငွေကြေးဖေါင်းပွမှုနဲ့ အဂတိလိုက်စားမှုတွေကို ထိန်းချုပ်နိုင်ပြီး နိုင်ငံတော်အခွန်ဝင်ငွေ တိုးမြှင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတကာ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်မှုမှာ မြို့ပြနေ လူဦးရေ(၆၀)%သာ အိမ်ပိုင်ဆိုင်ကြပြီး ကျေးလက်နေ လူဦးရေရဲ့ (၉၀)%အိမ်ပိုင်ဆိုင်ကြတယ်လို့ ထုတ်ပြန်ထားပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်နဲ့ အလုပ်အကိုင်ရရှိမှု နည်းပါးလာတဲ့အတွက် ရွှေ့ပြောင်းအခြေချသူ ပိုမိုများပြား လာတာဖြစ်ပါတယ်။

