Language:

ဒေါ်လာဈေး ၄,၉၀၀ နီးလာချိန် ပြည်ပထွက်ခွာမယ့်သူတွေ ဒေါ်လာ ၅၀၀ အထိ ဝယ်ယူနိုင်ဟု ဗဟိုဘဏ်ကထုတ်ပြန်


ဒေါ်လာဈေး ၄,၉၀၀ နီးလာချိန် ပြည်ပထွက်ခွာမယ့်သူတွေ ဒေါ်လာ ၅၀၀ အထိ ဝယ်ယူနိုင်ဟု ဗဟိုဘဏ်ကထုတ်ပြန်

၄ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ပြည်ပကို အလုပ်လုပ်ဖို့၊ ဆေးကုသဖို့နဲ့ ပညာသင်ကြားဖို့ သွားရောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀၀ အထိ ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ AD လိုင်စင်ရဘဏ်တွေရဲ့ Money Changer ကောင်တာတွေမှာ နိုင်ငံခြားငွေသား ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံအစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေးတွေ တက်ရောက်ဖို့ သွားမယ့်သူတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

ဝယ်ယူခွင့်ပြုမယ့် ပမာဏက တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၁၀၀ ကနေ အများဆုံး ဒေါ်လာ ၅၀၀ အထိဖြစ်ပြီး အခြားနိုင်ငံခြားငွေကြေးတွေကိုလည်း ဒေါ်လာနဲ့ တန်ဖိုးညီမျှတဲ့ ပမာဏအတိုင်း ဝယ်ယူနိုင်မှာပါ။

ငွေလဲနှုန်းကိုတော့ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်နေတဲ့ FX Market Online Trading Rate အပေါ် တစ်ဒေါ်လာလျှင် ၁၀ ကျပ် ထပ်ပေါင်းသတ်မှတ်ထားတဲ့နှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

အလားတူ ပြည်ပကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေအတွက် လေယာဉ်လက်မှတ်ခကိုလည်း FX Online Trading စနစ်ကနေတစ်ဆင့် နိုင်ငံခြားငွေဝယ်ယူပြီး ပေးချေနိုင်ဖို့ စီစဉ်ထားတယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးနှုန်းက ၄,၉၀၀ ကျပ်နီးပါးအထိ မြင့်တက်လာနေချိန်မှာ အခုလို နိုင်ငံခြားငွေဝယ်ယူခွင့်နဲ့ပတ်သက်ပြီး အသိပေးလာတာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ပြည်ပထွက်ခွာမယ့်သူတွေအတွက် နိုင်ငံခြားငွေ ရရှိနိုင်မှု ပိုမိုလွယ်ကူစေဖို့နဲ့ တရားမဝင် ငွေလဲလှယ်မှုတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဈေးကစားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဗဟိုဘဏ်က ပြောထားပါတယ်။

#ဈေးကွက်

#ဒေါ်လာဈေး

#ပြည်ပထွက်ခွါ

#ဗဟိုဘဏ်

ဆက်စပ်သတင်းများ

Eastern Thanlwin