၃ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အမျိုးသား ၁၀ ဦး လိုက်ပါလာတဲ့ LIGHT TRUCK ယာဉ်တစ်စီး ရှေ့ယာဉ်ကို ကျော်တက်ဖို့ ကြိုးစားစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဖြတ်ကျော်ကာ တိမ်းမှောက်မှု ဒီနေ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ဟာ နံနက် ၉ နာရီခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂/၂ နဲ့ ၁၂/၃ ကြား၊ ရန်ကုန်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ လမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
အဖြူရောင် LIGHT TRUCK ယာဉ်ဟာ ရှေ့ကမောင်းနှင်နေတဲ့ ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းရဲ့ဝဲဘက်ရှိ လမ်းလယ်ကျွန်းပေါ်ကနေ တစ်ဖက်ယာဉ်ကြောဖြစ်တဲ့ နေပြည်တော်ကနေ ရန်ကုန်ဘက်သို့ သွားတဲ့လမ်းကြောင်းအထိ ရောက်ရှိပြီး တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၀ ဦး လိုက်ပါလာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
အမြန်လမ်းအသုံးပြုသူများအနေဖြင့် လမ်းပေါ်မရောက်မီ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးရန်၊ ထိုင်ခုံခါးပတ် ပတ်ရန်နှင့် သတ်မှတ်အမြန်နှုန်းအတိုင်းသာ မောင်းနှင်ကြရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။

