Language:

တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ရက် ၂ ရက် စောကာ ပြောင်းလဲသတ်မှတ်


တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ရက် ၂ ရက် စောကာ ပြောင်းလဲသတ်မှတ်

၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကို မူလသတ်မှတ်ထားတဲ့ ရက်မှ ရှေ့ ၂ ရက်တိုးပြုလုပ်ရန် ပြုပြင်သက်မှတ် လိုက်တာကြောင့် အနယ်နယ်အရပ်အရပ်မှ လာရောက်လည်ပတ်နေကြတဲ့ ခရီသည်များ အခက်တွေ့နေတယ်လို့ သိရပါတယ်။

နှစ်စဥ်ကျင်းပပြုလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကို မူလကျင်းပသော နိုဝင်ဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်သို့ ရှေ့တိုး သက်မှတ်ပြင်ဆင်လိုက်တာကြောင့် အလုပ်အားလပ်ရက်ကို ညှိပြီးလာတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့ ဟိုတယ်ဘိုကင်ကြိုယူထားတာကြောင့် အခက်အခဲများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဖွင့်ပွဲအခမ်းအနားကို နဂိုစီစဥ်ထားတဲ့အတိုင်းဘဲ ထားသင့်ပါတယ်။ အခုလိုစီစဥ်လိုက်တော့ ဖွင့်ပွဲမှီဖို့ အများကြီးကြိုးစားစီစဉ်ထားရတဲ့ အဝေးကဧည့်သည်တွေကို အလေးမထားရာ ရောက်ပါတယ်။ အားလပ်ရက်တွေကို ညှိပြီးတော့ ဟိုတည်ဘိုကင်တင်ထားတာ ဒီဖွင့်ပွဲကိုကြည့်ရဖို့ ပြင်ဆင်ထားပေမဲ့ အခုမကြည့်ရတော့ စိတ်ပျက်မိတယ်လို့” ရန်ကုန်မြို့မှ လာရောက်လည်ပတ်မည့်သူ တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

ယခုလိုတောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်ကို မူလသတ်မှတ်ထားတဲ့ရက်ထက် ၂ ရက်စောပြီး ပြောင်းလဲလိုက်တာကြောင့် ဟိုတယ်တွေမှာ ကြိုတင်အခန်းဘိုကင်ယူထားတဲ့ ဧည့်သည်တွေအနေနဲ့ ခရီးစဉ်ရက်တွေ ပြန်ညှိရတာ၊ ဘိုကင်ဖျက်သိမ်းတာနဲ့ ငွေပြန်အမ်းပေးဖို့ တောင်းဆိုတာတွေ ရှိလာပြီး အဲဒီလိုအခက်အခဲတွေကို ဟိုတယ်ပိုင်ရှင်တွေ ဘက်ကလည်း ဧည့်သည်တွေနဲ့ ညှိနှိုင်းဖြေရှင်းပေးနေရတယ်လို့ သိရပါတယ်။

“အခုလိုရက်ရွေ့လိုက်တော့ သူတို့ဘက်က လာညှိနှိုင်းတာတွေရှိပါတယ်။ ကျွန်တော်တို့ဟိုတည်တွေအနေနဲ့တော့ အခုလို ရက်မရွေ့ပေးဘူးဆိုပြီး ကြိုပြောပြီးထားပါ။

ဒါပေမဲ့ ကျွန်တော်တို့ဘက်က အခန်းတွေရွေ့ပေးနိုင်တာမျိုး ရက်ကြိုမယူထားတဲ့ အခန်းတွေရှိနေတာမျိုးဆိုရင် အဆင်ပြေအောင် ကျန်ရင်ကျန်သလို လုပ်ပေးရတာပေါ့ဗျာ။ အခန်းမကျန်တော့လည်း သူတို့ယူထားတဲ့ရက်ဘဲ သူလာရတော့မှာပေါ့လို့” တောင်ကြီးမြို့မှာဖွင့်လင့်ထားတဲ့ Jasmine Taunggyi Hotel မှတာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်ကိုပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ပြိုင်ပွဲဝင်မယ့် မီးပုံးပျံအရေအတွက် ပိုများလာတာကြောင့် ပွဲတော်ဖွင့်ပွဲရက်ကို ပြောင်းလဲသတ်မှတ်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ မီးပုံးပျံပညာရှင်တွေ ပူးပေါင်းညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲမှာ နေ့လွှတ်အရုပ်တွေကို နိုဝင်ဘာ ၁၃ ရက်ကစပြီး ယှဉ်ပြိုင်လွှတ်တင်သွားမှာဖြစ်သလို မီးကြီးမီးပုံးပျံပြိုင်ပွဲကိုတော့ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကိုတော့ နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီနှစ်မှာ စုစုပေါင်း မီးပုံးပျံ ၅၆၁ လုံး ပါဝင်ယှဉ်ပြိုင်လွှတ်တင်သွားမယ်လို့ သိရပါတယ်။

#တောင်ကြီးတန်ဆောင်တိုင်

#ပွဲတော်ရက်

#မီးပုံးပျံပွဲ

ဆက်စပ်သတင်းများ

Eastern Thanlwin