၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရုရှားနိုင်ငံသား မောင်နှမနှစ်ဦးကို ဆိုင်ကယ်လုယက်ချိန်မှာ ပြန်လည်ခုခံတဲ့အတွက် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း လူသတ်သမား(၂)ဦးက ဝန်ခံခဲ့ပြီး ရုပ်အလောင်းတွေကို ချွန်ဘူရီခရိုင်အတွင်း မြုပ်နှံထားတဲ့နေရာကို ရဲတပ်ဖွဲ့ကို လိုက်လံပြသပြီး အတည်ပြုခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရ သိရပါတယ်။
ရုရှားနိုင်ငံသား မောင်နှမနှစ်ဦးမှာ စီးနင်းလာတဲ့ Honda ADV 150 မော်တော်ဆိုင်ကယ်ကို အစိတ်အပိုင်းတွေဖြုတ်ထားပြီး မြေမြှုပ်ထားသည့်အခြေအနေဖြင့် တွေ့ရှိခဲ့ရာမှ အာဏာပိုင်များက သံသယရှိသူနှစ်ဦးကို ခြေရာခံပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် (၃၁)ရက်နေ့မှာ သံသယတရားခံနှစ်ဦး စကေးအိုခရိုင်၊ ဝမ်ဆုံဘွန်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေစဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုအရ ဆိုင်ကယ်ကို လုယူရန်သာ ရည်ရွယ်ခဲ့ပေမယ့် ပြန်လည်ခုခံတဲ့အတွက် မောင်ဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အစ်မဖြစ်သူကို လက်သီးနဲ့ ထိုးနှက်ခဲ့ရာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြာင်းဝန်ခံထွက်ဆိုထားတာဖြစ်ပါတယ်။
ဇူလိုင် (၂၉)ရက်နေ့ကလဲ သံသယတရားခံနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က သွမ်လူအန်ဒေသမှာရှိတဲ့ သင်္ချိုင်းဟောင်းကို အင်အားအလုံးအရင်းနဲ့ ဝင်စီးနင်းရှာဖွေရာမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယခုအကြိမ်ထွက်ပြေးဖို့ ကြိုးစားနေချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

