Language:

ရန်ကုန်ရှိ အမှိုက်ပုံကြီးနှစ်ခုကနေ လျှပ်စစ်နဲ့ CNG အစားထိုးဓာတ်ငွေ့ ထုတ်လုပ်ဖို့ စီစဉ်နေ


ရန်ကုန်ရှိ အမှိုက်ပုံကြီးနှစ်ခုကနေ လျှပ်စစ်နဲ့ CNG အစားထိုးဓာတ်ငွေ့ ထုတ်လုပ်ဖို့ စီစဉ်နေ

၂ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မြို့မှာ နေ့စဉ်စွန့်ပစ်နေတဲ့ အမှိုက်တွေကို စွမ်းအင်အဖြစ် ပြန်လည်အသုံးချနိုင်ဖို့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က ထားဝယ်ချောင်အမှိုက်ပုံတို့မှာ လျှပ်စစ်ဓာတ်အားနဲ့ ဓာတ်ငွေ့ ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီစီမံကိန်းမှာ အမှိုက်ကနေ ထွက်လာတဲ့ မိသိမ်းဓာတ်ငွေ့ကို အသုံးပြုပြီး ဂျင်နရေတာလည်ပတ်ကာ လျှပ်စစ်ထုတ်လုပ်တာ၊ မီသိန်းဓာတ်ငွေ့ကို သန့်စင်ပြီး Compressed Bio Methane (CBM) အဖြစ် ပြောင်းလဲထုတ်လုပ်ကာ CNG အစားထိုးလောင်စာအဖြစ် အသုံးပြုတာနဲ့ အမှိုက်မီးရှို့စက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူတာစတဲ့ လုပ်ငန်း (၃) မျိုး ပါဝင်ပါတယ်။

ဒီလုပ်ငန်းတွေကို အကျိုးတူပူးပေါင်း ဆောင်ရွက်လိုတဲ့ ပြည်တွင်းကုမ္ပဏီတွေ၊ ပြည်ပကုမ္ပဏီတွေ၊ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ စီမံကိန်းအဆိုပြုလွှာတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး တင်သွင်းနိုင်တယ်လို့ သိရပါတယ်။

စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ လိုအပ်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို သိရှိလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနမှာ ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်ကနေ နေ့စဉ် အမှိုက်တန်ချိန် ၂,၅၀၀ ကျော် ထွက်ရှိနေပြီး အဲဒီထဲက တန်ချိန် ၁,၅၀၀ ဝန်းကျင်ကို ထိန်ပင်အမှိုက်ပုံမှာ၊ တန်ချိန် ၁,၀၀၀ ဝန်းကျင်ကို ထားဝယ်ချောင်အမှိုက်ပုံမှာ နေ့စဉ် သယ်ယူစွန့်ပစ်နေရတယ်လို့ သိရပါတယ်။

#ရန်ကုန်

#အမှိုက်ပုံကြီးနှစ်ခု

#လျှပ်စစ်နဲ့CNG

#အစားထိုးဓာတ်ငွေ့

ဆက်စပ်သတင်းများ

Eastern Thanlwin