Language:

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ အွန်လိုင်းလောင်းကစားလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ဦး ဖမ်းဆီးရမိ


တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ အွန်လိုင်းလောင်းကစားလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ဦး ဖမ်းဆီးရမိ

၂ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 ဟိုတယ်အနီးရှိ ဟိုတယ် တစ်ခုမှာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား (၈၃) ဦးနဲ့ လုပ်ငန်းသုံးပစ္စည်းများကို ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာလုံခြုံရေးအာဏာပိုင်အဖွဲ့အစည်းများထံက သိရပါတယ်။

အောက်တိုဘာ (၃၁) ရက်၊ ညနေပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်ကို ရပ်ကွက်အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာလုံခြုံရေးအာဏာပိုင်အဖွဲ့အစည်းများက သတင်းအရ ပူးပေါင်းဝင်ရောက်ရှာဖွေခဲ့ရာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ အဆိုပါ ထိုင်းနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာပါ။

“သတင်းတွေမှာ ရပ်ကွက်မှားနေတာ၊ ဆန်ဆိုင်း(က)ရပ်ကွက်မှာ မဟုတ်ဘူး။ ဖမ်းတာက ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲမှာပါ။” ဟု ဝင်ရောက်ရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ ဆန်ဆိုင်း(ခ)ရပ်ကွက် အတွင်းရေးမှူး ဦးစိုင်းဆမ်က အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

အဆိုပါ ဖမ်းဆီးမှုမှာ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား အမျိုးသား (၄၂) ဦးနဲ့ အမျိုးသမီး (၄၁) ဦး၊ လုပ်ငန်းသုံး Laptop (၄၀) လုံး၊ လက်ကိုင်ဖုန်း (၇၅) လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

၎င်းအွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ သက်သေခံပစ္စည်းများကို လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပြီး တည်ဆဲဥပဒေများအရ အရေးယူသွားမယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ(၈)ရက်နေ့ကလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းအနီးမှာ အွန်လိုင်းဂိမ်းဆိုက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား(၅)ဦး အပါဝင် မြန်မာနိုင်သား (၅၁)ဦး ကို သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံထားရတဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ပါတယ်။

#တာချီလိတ်

#ဟိုတယ်

#အွန်လိုင်းလောင်းကစား

#ထိုင်းနိုင်ငံသား

ဆက်စပ်သတင်းများ

Eastern Thanlwin