၃၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘော ၄ စီး ရေမိုင်းထိမှန်ပြီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)က သောကြာနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
အဲဒီသင်္ဘောတွေဟာ အီရန်က ခွင့်ပြုချက်မရှိတဲ့ ရေကြောင်းလမ်းကြောင်းလို့ သတ်မှတ်ထားတဲ့ နေရာကနေ ဖြတ်သန်းခဲ့တာဖြစ်တယ်လို့ IRGCက စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်ကိုတော့ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
IRGC ရဲ့ ထုတ်ပြန်ချက်အရ ပထမဆုံး ရေနံတင်သင်္ဘော ၂ စီးဟာ ရေလက်ကြားရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ မိုင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နာရီပိုင်းအကြာမှာ နောက်ထပ် သင်္ဘော ၂ စီးလည်း မိုင်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်္ဘောတွေထဲက သင်္ဘော ၂ စီးစီမှာ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော်စီ တင်ဆောင်ထားတယ်လို့ IRGC က ပြောပါတယ်။ စတုတ္ထမြောက် သင်္ဘောကတော့ ရေလက်ကြားရဲ့ တောင်ဘက်ရေကြောင်းလမ်းမှာ မိုင်းထိမှန်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်္ဘောတွေဟာ ရေဒါနဲ့ လမ်းညွှန်စနစ်တွေကို ပိတ်ထားပြီး အီရန်ရေတပ်ရဲ့ သတိပေးချက်တွေကိုလည်း လျစ်လျူရှုခဲ့တယ်လို့ IRGC က စွပ်စွဲထားပါတယ်။ အီရန်ရေတပ်ကလည်း သောကြာနေ့မှာ ရေလက်ကြားအရှေ့ဘက်၌ ရန်သူ့မောင်းသူမဲ့ယာဉ်တစ်စီးကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာတော့ ဗြိတိန်ရဲ့ ကုန်သွယ်ရေးရေကြောင်းဆိုင်ရာ လုပ်ငန်းများဌာန (UKMTO) ကလည်း ဟော်မုဇ်ရေလက်ကြားအနီး သင်္ဘောတိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကို သီးခြားထုတ်ပြန်ထားပါတယ်။
ကြာသပတေးနေ့က အိုမန်နိုင်ငံ ခါဆပ်မြို့ရဲ့ အရှေ့မြောက်ဘက် ၂၅ ရေမိုင်အကွာမှာ လှေငယ်တစ်စီးက ရေနံတင်သင်္ဘောတစ်စီးရဲ့ ကိုယ်ထည်မှာ လင်းပက်မိုင်း ၂ လုံး ကပ်ထားခဲ့တယ်လို့ UKMTO က ပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် သင်္ဘောရဲ့ စက်ခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပေမဲ့ နောက်ပိုင်းမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး သင်္ဘောသားတွေလည်း ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။ ရိုက်တာသတင်းအရ အဲဒီသင်္ဘောဟာ ပနားမားအလံလွှင့်ထူထားတဲ့ Louise 1 ဖြစ်ပါတယ်။
UKMTO က ခါဆပ်မြို့ရဲ့ မြောက်ဘက် ၉ ရေမိုင်အကွာမှာလည်း မီးလောင်နေတဲ့ သင်္ဘောတစ်စီးကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အိုမန်နိုင်ငံကလည်း သောကြာနေ့မှာ မီးလောင်နေတဲ့ RITI ရေနံတင်သင်္ဘောပေါ်က သင်္ဘောသား ၂၅ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်ကတော့ အီရန်ရဲ့ ရေမိုင်းစွဲချက်ကို ငြင်းဆိုထားပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဘရက်ဒ် ကူပါးက ဟော်မုဇ်ရေလက်ကြားရဲ့ အဓိကဖြတ်သန်းသွားလာရေးလမ်းကြောင်းတွေမှာ အီရန်ရဲ့ ရေမိုင်းတွေကို ရှင်းလင်းပြီးဖြစ်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက အီရန်ကို ထပ်မံတိုက်ခိုက်လာမယ်ဆိုရင် ကမ္ဘာကို တုန်လှုပ်စေမယ့် တုံ့ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။
စစ်ပွဲအဆုံးသတ်ရေးအတွက် အီရန်ဘက်က တင်ပြထားတဲ့ အချက် ၇ ချက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းရေး၊ အေးခဲထားတဲ့ အီရန်ရန်ပုံငွေတွေ ပြန်လည်ထုတ်ပေးရေးနဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှု ရုပ်သိမ်းရေးတို့ ပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို မကြာခင် အဆုံးသတ်နိုင်မယ်လို့ ပြောဆိုထားပါတယ်။ အောက်တိုဘာ ၃၀ ရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာလည်း အီရန်ဟာ ဆွေးနွေးညှိနှိုင်းဖို့ လိုလားနေပြီး အမေရိကန်အနေနဲ့ အချိန်ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆော်ဒီအာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ဒီနေ့မနက်ပိုင်းမှာ မြို့တော်ရီယာ့ဒ်ဒေသအတွင်း ဝင်ရောက်လာတဲ့ ရန်သူ့ဒရုန်းတစ်စီးကို ကြားဖြတ်ပစ်ချဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံကို ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စစ်ရေးအရ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
UKMTO ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလအတွင်း ပင်လယ်ကွေ့ဒေသနဲ့ ဟော်မုဇ်ရေလက်ကြားတစ်ဝိုက်မှာ သင်္ဘောတိုက်ခိုက်ခံရမှု ၃၅ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောအရေအတွက်ဟာ စစ်ပွဲမဖြစ်ပွားခင်ကာလနဲ့ နှိုင်းယှဉ်ရင် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ သိရပါတယ်။

