Language:

မယ်ဆိုင်အကောက်ခွန်ဂိတ်မှာ မြန်မာ ၂ ဦး သယ်ဆောင်လာတဲ့ မွေ့ရာဟောင်းတွေထဲက စိတ်ကြွဆေးပြား ၂၇ သိန်းကျော် ဖမ်းဆီးရမိ


မယ်ဆိုင်အကောက်ခွန်ဂိတ်မှာ မြန်မာ ၂ ဦး သယ်ဆောင်လာတဲ့ မွေ့ရာဟောင်းတွေထဲက စိတ်ကြွဆေးပြား ၂၇ သိန်းကျော် ဖမ်းဆီးရမိ

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ မြန်မာဘက်က မောင်းနှင်လာတဲ့ အငှားယာဉ်တစ်စီးကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးခဲ့ရာ မွေ့ရာဟောင်းနဲ့ ထိုင်ခုံဟောင်းတွေထဲ ဝှက်သယ်လာတဲ့ စိတ်ကြွဆေးပြား ၂၇ သိန်း ၄ သောင်းခန့်ကို အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ လိုက်ပါလာတဲ့ အဖြူရောင် အငှားယာဉ်ကို စစ်ဆေးရာ မွေ့ရာဟောင်းတွေ၊ ထိုင်ခုံဟောင်းတွေနဲ့ ရေခဲသေတ္တာဟောင်းတွေ တင်ဆောင်လာတာဖြစ်ပါတယ်။

အဲ့ဒီယာဉ်က တာချီလိတ်မြို့ဘက်ကနေ မယ်ဆိုင်မြို့ဘက်ကို ဝင်ရောက်လာစဉ် ထိုင်ခုံနဲ့ မွေ့ရာတွေမှာ ပုံမှန်ထက် အလေးချိန်ပိုများနေလို့ အကောက်ခွန်တာဝန်ရှိသူတွေက သံသယဖြစ်ပြီး ဓာတ်မှန်စက်နဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဓာတ်မှန်စက်နဲ့ စစ်ဆေးရာမှာ မွေ့ရာနဲ့ ထိုင်ခုံတွေအတွင်း သံသယဖြစ်ဖွယ်ပစ္စည်းတွေ ဝှက်ထားတာကို တွေ့ရှိခဲ့လို့ ဖွင့်ဖောက်စစ်ဆေးရာကနေ စိတ်ကြွဆေးပြား ၂၇၄ ထုပ်ကို တွေ့ရှိခဲ့ပြီး တစ်ထုပ်မှာ ဆေးပြား ၁၀,၀၀၀ ပါဝင်ပြီး စုစုပေါင်း စိတ်ကြွဆေးပြား ၂,၇၄၀,၀၀၀ ပြား၊ ၂၇ သိန်း ၄ သောင်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဖမ်းဆီးရမိမှုကို မယ်ဆိုင်အကောက်ခွန်ဌာန၊ ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ တပ်မတော်ဆိုင်ရာအဖွဲ့များ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များနဲ့ မယ်ဆိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ မယ်ဆိုင်အကောက်ခွန်ဌာနက အမှုနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

#မယ်ဆိုင်ဂိတ်

#မြန်မာ၂ဦး

#မွေ့ရာဟောင်း

#စိတ်ကြွဆေး

ဆက်စပ်သတင်းများ

Eastern Thanlwin