၂၉ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံခဲ့တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် (၁)မှ တစ်ဆင့် ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ၎င်းအား ထိုင်းတရားရုံး နှစ်ရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
ယနေ့ အောက်တိုဘာ (၂၉) ရက် နံနက် (၁၁) နာရီခန့်က အသက် (၃၇) နှစ်အရွယ် ထိုင်းနိုင်ငံသား နတ်ထဝုဒ် ယာရန်းစီကို မြန်မာနိုင်ငံမှာ အမှုရင်ဆိုင်ကာ ပြစ်ဒဏ်ကျခံပြီးနောက် တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေး တံတား အမှတ် (၁)မှ တစ်ဆင့် ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ၎င်းအား POLIS၊ CRIMES နဲ့ PDC စနစ်များနဲ့ စစ်ဆေးခဲ့ရာ ချင်းမိုင်ခရိုင်တရားရုံးက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် ဖျာယောင်းခရိုင်တရားရုံးကလည်း မူးယစ်ဆေးဝါးဥပဒေချိုးဖောက်မှုနဲ့ သက်ဆိုင်တဲ့ အမှုမှာ သတ်မှတ်တရားရုံးချိန်းသို့ လာရောက်ခြင်း မရှိဘဲ တိမ်းရှောင်နေသည်ဟု ယူဆရတဲ့အတွက် ဖမ်းဝရမ်းတစ်ခု ထပ်မံထုတ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက ၎င်းကို သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ သိရပါတယ်။

