၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်မြို့တွင်းက သတ်မှတ်ထားတဲ့ လမ်းမတွေမှာ ဇုန်အလိုက်ခွဲခြားသတ်မှတ်ပြီး ယာဉ်ရပ်နားခကို လာမယ့် ၂၀၂၆ နိုဝင်ဘာ ၁ ရက်ကစပြီး တစ်နာရီ ကျပ် ၅၀၀ ကောက်ခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်ရပ်နားခကို နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကောက်ခံသွားမှာဖြစ်ပြီး တစ်နာရီကို ကျပ် ၅၀၀ သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့ ရပ်နားချိန်ထက် ကျော်လွန်သွားရင် မိနစ် ၃၀ အတွင်း ကျပ် ၃၀၀၊ မိနစ် ၆၀ အထိဆိုရင် ကျပ် ၅၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
ယာဉ်ရပ်နားခ ကောက်ခံမယ့်နေရာတွေကတော့ ကမ်းနားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြားအတွင်းနဲ့ ရာဇဓိရာဇ်လမ်းကနေ အောင်ရတနာလမ်းကြားအတွင်းရှိ သတ်မှတ်နေရာတွေဖြစ်ပြီး စုစုပေါင်း ဇုန် ၈ ဇုန်ခွဲကာ ကောက်ခံသွားမှာဖြစ်ပါတယ်။
ဒီလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ ကန်ထရိုက်စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံပိုင် သတင်းစာတွေကတစ်ဆင့် တင်ဒါခေါ်ယူကာ တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ထို့ကြောင့် ရန်ကုန်မြို့တွင်း သတ်မှတ်နေရာတွေမှာ ကားရပ်နားမယ့်သူတွေအနေနဲ့ နိုဝင်ဘာ ၁ ရက်ကစပြီး သတ်မှတ်နှုန်းထားအတိုင်း ယာဉ်ရပ်နားခ ပေးဆောင်ရတော့မှာဖြစ်ပါတယ်။
လက်ရှိယာဥ်ရပ်နားခ ကောက်ခံနေတဲ့ပုံစံကို မော်တော်ယာဥ်ပိုင်ရှင်တွေဘက်က ပုံစံအမျိုးမျိုးနဲ့ ဝေဖန်မှုတွေ ရှိနေပြီး ကားရပ်နားမှုအပေါ် နာရီပိုင်းကောက်ခံမှုနဲ့အတူ လပေးအစီအစဥ်များလည်း ရှိသင့်တယ်လို့ ရန်ကုန်မြို့ထဲနေ ယာဥ်ပိုင်ရှင် အချို့က ထောက်ပြပြောဆိုနေကြပါတယ်။
လက်ရှိ ကညနမှာ ယာဥ်လိုင်စင်၀င်ပါက ဘီးခွန်အနေနဲ့ အခွန်ဆောင်ရမှုတွေ ရှိတာကြောင့် အခုလို ယာဥ်ရပ်နားခအပေါ် ထပ်ဆောင်း ကောက်ခံမှုမှာလည်း ကုန်ကျစရိတ်တွေ မြင့်တက်လာမှာကို ယာဥ်ပိုင်ရှင်တွေဘက်က စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်က ယာဉ်ရပ်နားခကောက်ခံမည့်အစီအစဉ်ကို လုပ်ဆောင်ခဲ့ဖူးသော်လည်း ကန့်ကွက်မှုများကြောင့် ဖျက်သိမ်းခဲ့ရပါသေးတယ်။

