Language:

ဩစတြေးလျက ရွှေရှာဖွေသူ တစ်ဦး ဒေါ်လာ ၁၆၀,၀၀၀ ခန့် တန်ဖိုးရှိ ရွှေတုံးကြီးတွေ့ရှိ


ဩစတြေးလျက ရွှေရှာဖွေသူ တစ်ဦး ဒေါ်လာ ၁၆၀,၀၀၀ ခန့် တန်ဖိုးရှိ ရွှေတုံးကြီးတွေ့ရှိ

၂၉ အောက်တိုဘာ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် အနောက်မြောက်ပိုင်းမှာ အပျော်တမ်း ရွှေရှာဖွေနေသူ တစ်ဦးဟာ ရွှေပါဝင်တဲ့ ကျောက်တုံးကြီး တစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဩစတြေးလျဒေါ်လာ ၁၅၀,၀၀၀ ကနေ ၁၆၀,၀၀၀ အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

ABC သတင်းဌာနရဲ့ အောက်တိုဘာ ၂၆ ရက် သတင်းအရ ဘရိုကန်ဟေးလ်မြို့က အဲဒီရွှေရှာဖွေသူဟာ တီဘူဘူရာမြို့အနီးရှိ Mount Stuart Station မှာ ရက်အတော်ကြာ ရှာဖွေပြီးနောက် ရွှေတုံးကြီးကို တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီရွှေတုံးကို “Tibooburra Spud” လို့ အမည်ပေးထားပါတယ်။

ရွှေတုံးနဲ့အတူ ရောနှောပါဝင်နေတဲ့ ကျောက်သတ္တုတွေပါ ထည့်တွက်ရင် စုစုပေါင်းအလေးချိန်ဟာ ၁,၂၁၈ ဂရမ်၊ တစ်နည်းအားဖြင့် ၁ ဒသမ ၂ ကီလိုဂရမ်ကျော် ရှိပြီး စစ်ဆေးမှုအရ ရွှေစင်ပါဝင်မှုကတော့ ၉၄၀ ဂရမ်ခန့် ရှိတယ်လို့ သိရပါတယ်။

ရွှေရှာဖွေသူဟာ ရှာဖွေမှုကို ရပ်နားတော့မယ့်အချိန်မှာ Gold Monster 2000 အမျိုးအစား သတ္တုရှာဖွေရေးစက်က အချက်ပြသံ ထွက်ပေါ်လာတာကြောင့် ဆက်လက်တူးဖော်ခဲ့တာလို့ ပြောပါတယ်။

မြေကြီးထဲကို ၁၀ စင်တီမီတာလောက် တူးလိုက်ချိန်မှာ စက်ရဲ့ အချက်ပြသံ ပိုမိုပြင်းထန်လာခဲ့ပြီး နောက်ဆုံးမှာတော့ တွင်းထဲကနေ အဝါရောင်တောက်ပနေတဲ့ ရွှေတုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိဈေးကွက်ပေါက်ဈေးအရ ရွှေတုံးရဲ့ တန်ဖိုးဟာ ဩစတြေးလျ ဒေါ်လာ ၁၅၀,၀၀၀ ကနေ ၁၆၀,၀၀၀ အထိ ရှိနိုင်တယ်ဆိုပေမယ့် စုဆောင်းသူတွေကို ရောင်းချနိုင်မယ်ဆိုရင် ဩစတြေးလျဒေါ်လာ ၂၀၀,၀၀၀ အထိ ရရှိနိုင်မယ်လို့ ရွှေတုံးတွေ့ရှိသူက မျှော်လင့်ထားပြီး အဲဒီဈေးနှုန်းနဲ့ ရောင်းချပြီးပြီဆိုတဲ့ အတည်ပြုချက်တော့ မရှိသေးပါဘူး။

ဘရိုကန်ဟေးလ်မြို့မှာ ရွှေရှာဖွေရေးပစ္စည်းတွေ ရောင်းချနေတဲ့ Greg Spangler ကလည်း သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံ နှစ် ၂၀ ကျော်အတွင်း အလေးချိန် ၁ ကီလိုဂရမ်ကျော်ရှိတဲ့ ရွှေတုံးတွေ့ရှိတဲ့ဖြစ်စဉ်ကို အနည်းငယ်သာ ကြုံတွေ့ခဲ့ဖူးတယ်လို့ ပြောပါတယ်။

တီဘူဘူရာဒေသဟာ ၁၉ ရာစုနှောင်းပိုင်းကတည်းက ရွှေရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး ယနေ့အချိန်အထိ ရွှေရှာဖွေသူတွေကို ဆွဲဆောင်နေဆဲ ဖြစ်ပေမယ့် အဲဒီဒေသမှာ ရွှေရှာဖွေလိုသူတွေဟာ မြေယာပိုင်ဆိုင်မှုနဲ့ ဝင်ရောက်ရှာဖွေခွင့်ဆိုင်ရာ စည်းမျဉ်းတွေကို ကြိုတင်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။

#ရွှေရှာဖွေသူ

#ဩစတြေးလျ

#ရွှေတုံးကြီး

ဆက်စပ်သတင်းများ

Eastern Thanlwin