၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံမှာ မြန်မာပြည်နွယ်ဖွား ဂျော့ရှုဝါဗန်ဟာ လာမယ့် ၂၀၂၇ ဇန်နဝါရီ ၃၀ ရက်မှာ အဆင့် ၁ နေရာက မာနယ်ကပ်နဲ့ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
အဲဒီပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပမယ့် UFC 336 ရဲ့ အဓိကပွဲစဉ်အဖြစ် စီစဉ်ထားတာဖြစ်ပြီး ဗန်အတွက် လက်ရှိချန်ပီယံအဖြစ် သူ့ရဲ့နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အရေးပါတဲ့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာမှာပါ။
အသက်ငယ်ငယ်နဲ့ UFC ဖလိုင်းဝိတ်ချန်ပီယံ ဖြစ်လာတဲ့ ဗန်ဟာ ချန်ပီယံဟောင်း ပန်တိုဂျာအပါအဝင် ထိပ်တန်းဖိုက်တာတွေကို အနိုင်ယူပြီး သူ့ရဲ့အစွမ်းအစကို ပြသထားသူ ဖြစ်လို့ အခုတစ်ကြိမ်မှာလည်း အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ မာနယ်ကပ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မာနယ်ကပ်ဟာလည်း လျှော့တွက်လို့မရတဲ့ ပြိုင်ဘက်တစ်ဦးဖြစ်ပြီး အရင်က ဗန်နဲ့ ငါးချီအထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပြီး အမှတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘရန်ဒန်ရိုဗယ်ကို မာနယ်ကပ်က ပထမအချီမှာတင် အလဲထိုးအနိုင်ယူထားပါတယ်။
ဒါကြောင့် လက်သီးအားပြင်းပြီး တိုက်စစ်မြန်ဆန်တဲ့ ဖိုက်တာနှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပရိသတ်တွေ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ဗန်အနေနဲ့ မာနယ်ကပ်ရဲ့ ဖိအားပေးတိုက်စစ်ကို ဘယ်လိုတုံ့ပြန်မလဲ၊ ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာက ဒီပွဲရဲ့ အဓိကစောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်လာပါတယ်။
အခုလို ထိပ်တန်းပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ ဗန်ရဲ့ ချန်ပီယံအရည်အသွေးကို ထပ်မံစမ်းသပ်မယ့် အရေးကြီးတဲ့ပွဲစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

