၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပိုမိုပူပြင်းလာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အသုံးပြုမယ့် ယာဉ်မောင်းတွေ ခရီးမထွက်ခင် မိမိတို့ယာဉ် ကြံ့ခိုင်မှုကို သေချာစစ်ဆေးဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးလိုက် ပါတယ်။
အထူးသဖြင့် လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညိုဖြစ်စဉ် အမြင့်ဆုံး အခြေအနေကို ရောက်ရှိလာနိုင်တာကြောင့် အမြန်လမ်းမကြီးရဲ့ မျက်နှာပြင်အပူချိန် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အပူချိန်မြင့်တက်တဲ့အချိန်မှာ တာယာ မကောင်းရင် ပေါက်ကွဲတာမျိုးတွေ ဖြစ်လာနိုင်လို့ တာယာပန်းအထူ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ တာယာရော်ဘာအခြေအနေ ကောင်းမွန်မှု ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် တာယာလေကိုလည်း ယာဉ်ထုတ်လုပ်သူက သတ်မှတ်ထားတဲ့ လေပေါင်အတိုင်း ဖြည့်ထားဖို့ လိုအပ်ပြီး တာယာလေပေါင် မမှန်တာနဲ့ အပူချိန်၊ ပွတ်တိုက်မှုတွေကြောင့် တာယာပေါက်ကွဲတာမျိုး ဖြစ်နိုင်လို့ ခရီးမထွက်ခင် သေချာစစ်ဆေးထားဖို့ သတိပေးထားတာပါ။
ခရီးသည်တင် Express ယာဉ်တွေအနေနဲ့လည်း ကညနက သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေ အတိုင်းသာ တင်ဆောင်ဖို့နဲ့ တာယာ၊ ဘရိတ်၊ ယာဉ်အောက်ပိုင်းစနစ်တွေကို ပုံမှန်စစ်ဆေးထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ခရီးသည်တင်ယာဉ်တွေပေါ်မှာ ကုန်ပစ္စည်းတွေ ထပ်မံတင်ဆောင်တာဟာ ယာဉ်အလေးချိန်ကို ပိုများစေပြီး ဘီးပေါက်တာ၊ ဘရိတ်မမိတာနဲ့ ယာဉ်တိမ်းမှောက်တာမျိုးတွေ ဖြစ်စေနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒါကြောင့် Express ယာဉ်တွေအနေနဲ့ ခရီးသည်တွေရဲ့ ပစ္စည်းတွေကလွဲလို့ ကုန်ပစ္စည်းတွေ တင်ဆောင်တာမျိုး မလုပ်ကြဖို့နဲ့ ကုန်တင်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရင် အမြန်လမ်းမကြီးများ ဥပဒေအရ အရေးယူခံရနိုင်တဲ့အပြင် အမြန်လမ်းအသုံးပြုခွင့်ပါ ရုပ်သိမ်းခံရနိုင်တယ်လို့ သတိပေးထားပါတယ်။
အမြန်လမ်းမကြီးပေါ် မဝင်ခင်မှာလည်း တာယာ၊ အချက်ပြမီး၊ ဘရိတ်စနစ်၊ ဆိုင်းထိန်းစနစ်နဲ့ ရေသုတ်တံတွေ ကောင်းမွန်မှု ရှိ၊ မရှိ ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။
အမြန်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်မီးလောင်မှုတွေဟာ ယာဉ်မောင်းအိပ်ငိုက်တာအပြင် တာယာသက်တမ်းလွန်ပြီး ပေါက်ကွဲတာ၊ တာယာပန်း မရှိလို့ လမ်းချော်တာနဲ့ ဘရိတ်စနစ်ချို့ယွင်းတာတွေကြောင့်လည်း ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် အမြန်လမ်းအသုံးပြုမယ့်သူတွေအနေနဲ့ ခရီးမထွက်ခင် ယာဉ်ကြံ့ခိုင်မှုကို သေချာစစ်ဆေးပြီး ယာဉ်မောင်းနှင်ရာမှာလည်း အိပ်ငိုက်ပင်ပန်းမှု မရှိအောင် ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။
ယာဉ်ကြံ့ခိုင်မှုနဲ့ လမ်းစည်းကမ်းလိုက်နာမှုတွေကို အလေးထားဆောင်ရွက်ခြင်းက မလိုလားအပ်တဲ့ ယာဉ်မတော်တဆမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

