Language:

မိုင်းဖုန်းဆရာတော် မွေးနေ့မတိုင်ခင် ဘူတန်မှ ပြန်လာပြီး ပြည်တွင်းမှာ သီတင်းသုံးမည်


မိုင်းဖုန်းဆရာတော် မွေးနေ့မတိုင်ခင် ဘူတန်မှ ပြန်လာပြီး ပြည်တွင်းမှာ သီတင်းသုံးမည်

၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ဘူတန်နိုင်ငံကို သာသနာပြုခရီးကြွချီပြီး ဝါဆိုသီတင်းသုံးနေတဲ့ မိုင်းဖုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရဟာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းက သီးတင်းသုံးရာ ကျောင်းသင်္ဃန်းကို ဆရာတော်ဘုရား မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ(၅)ရက်နေ့မတိုင်ခင် ပြန်လည်ကြွရောက်လာပြီး သီတင်းသုံးမယ်လို့ ဆရာတော်ဘုရားရဲ့ ဒါယကာတွေဆီက သိရပါတယ်။

မိုင်းဖုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရဟာ ၂၀၂၅ ခုနှစ် ဝါတွင်းကာလမှာ မိုင်းဖုန်းကျောင်းအနီး တော်တွင်းဂူမှာသီတင်းသုံး ဝါဆိုခဲ့ပြီး ဒီနှစ်​၂၀၂၆ ခုနှစ်ရဲ့ ဝါတွင်းကာလမှာတော့ ဘူတန်နိုင်ငံရဲ့ တောင်တန်းတွေပေါ်က သဘာဝကျောက်ဂူမှာ ဝါဆိုပြီး တရားကျင့်ကြံခဲ့တာဖြစ်ပါတယ်။

“ဆရာတော်ဘုရားက ကျန်းမာပါတယ်၊ သက်တော်ကြီးလာတော့ အရင်ကလောက် သာသနာပြုလုပ်ငန်းကို တစ်နိုင်ငံလုံး မသွားတော့ဘူးနဲ့တူတယ်၊ နောက်ပြီး ရှမ်းပြည်ထဲမှာကို ဆရာတော် ထီးတင်ဖို့ ဘုရားတွေရှိတယ်”လို့ ဆရာတော်ဘုရားရဲ့ ဒါယကာတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

မိုင်းဖုန်းဆရာတော်ဘုရားဟာ နှစ်စဉ် ဇန်နဝါရီလ(၅)ရက်နေ့ မွေးနေ့မှာတော့ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းက မူလကျောင်းတော်မှာ သီးတင်းသုံးပြီး နိုင်ငံအနှံအပြားက ဒါယကာ၊ ဒါယကာမတွေကို အဖူးမျှော်ခံကာ မွေးနေ့တရားရေအေးတိုက်ကျွေးလေ့ရှိပြီး မွေ့နေ့ ကျော်ရင်တော့ ရှမ်းပြည်အနှံအပြားနဲ့ နိုင်ငံတစ်ဝှမ်း သာသနာပြုခရီးကြွလေ့ရှိတာဖြစ်ပါတယ်။

မိုင်းဖုန်းဆရာတော်ဘုရား ဘဒ္ဒန္တ ဉာဏသံဝရဟာ ရှမ်းလူထုတစ်ရပ်လုံးအပြင် နိုင်ငံအနှံအပြားမှ ဒါယကာများရဲ့ ကြည်ငြိုခြင်းခံရသော ဆရာတော်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်တို့ရဲ့ ကိုးကွယ်ခြင်းခံတဲ့ ဆရာတော်ဘုရား တစ်ပါးလဲဖြစ်ကာ တောရကျင့်စဉ်၊ ဂူအတွင်း တရားအားထုတ်မှုနှင့် ဓမ္မဟောကြားမှုတို့ကြောင့် ထင်ရှားလာသော ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

#ဘာသာရေး

#မိုင်းဖုန်းဆရာတော်

#ဘဒ္ဒန္တဉာဏသံဝရ

#ဘူတန်နိုင်ငံ

#မိုင်းဖုန်းကျောင်း

ဆက်စပ်သတင်းများ

Eastern Thanlwin