၂၇ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာအနီး တောင်ဖြိုချပြီး ရောင်းချနေတဲ့ မြေသယ်ကားတွေကြောင့် လမ်းတစ်လျှောက် လမ်းသားများပျက်စီးနေပြီး ဖုန်များတက်ကာ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေ အခက်အခဲတွေ့နေရတယ်လို့ အရှေ့သံလွင်သတင်းမီယာက စုံစမ်း သိရှိရပါတယ်။
အဆိုပါ မြေသယ်ကားများသည် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာအနီး မြေကွက်သစ်တွေအနီး တောင်ပေါ်မြေများကို ဖြိုချသယ်ယူပြီး တာချီလိတ် အနောက်မြို့ပတ်လမ်း ရန်အောင်မြေရပ်ကွက်အတွင်းရှိ လယ်မြေ/ယာမြေများသို့ သယ်ဆောင် မြေဖို့နေကြတာလို့ သိရပါတယ်။
“မြေသယ်ကားတွေကြောင့် အများပြည်သူသွားလာရတာအဆင် မပြေဖြစ်နေရတယ်။ နေ့ခင်းကြီးကို ကားဆိုင်ကယ်တွေ မီးထိုးမောင်းနေရတယ်။ ဖုန်တွေ အလုံးလိုက်နဲ့ တောင်တွေဖြိုပြီး မြေတွေသယ်နေကြတာ။ အဲ့ဒါတောင် မနှစ်က တစ်ခါတိုင်လို့ ပိတ်ထားတာ။ အခုက ပြန်လုပ်နေကြပြီ။ ကျွန်တော်တို့လည်း မတိုင်ရဲတော့ဘူး။ သူတို့က ပိုင်ရာဆိုင်ရာတွေနဲ့ဆိုတော့”လို့ မိုင်းဘုန်း (ခ) ရပ်ကွက်အတွင်းနေထိုင်တဲ့ ဒေသခံတစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။
မြေသယ်ကားကြီးများ အဆက်မပြတ် သွားလာနေလို့ လမ်းတစ်လျှောက် ဖုန်မှုန့်တွေ ထူထပ်စွာတက်လာပြီး ဆိုင်ကယ်စီးနင်းသူများနဲ့ အခြားယာဉ်မောင်းများ ရှေ့မြင်ကွင်း မရှင်းလင်းမှုကြုံတွေ့နေရတာလို့ ဆိုပါတယ်။
ဖုန်မှုန်တွေကြောင့် လမ်းဘေးနေအိမ်ရှိ ပြည်သူတွေနဲ့ အနီးဝန်းကျင်ရှိ ဒေသခံတွေအပေါ် အနှောင့်အယှက်ဖြစ်စေပြီး မြေသယ်တဲ့ လုပ်ငန်းတွေမှာ ဖုန်မှုန့်လျှော့နည်းအောင်နဲ့ လမ်းအသုံးပြုသူများ ဘေးကင်းစေရန် သင့်လျော်တဲ့ စီမံဆောင်ရွက်မှုတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
“မြို့ပတ်လမ်းက မြေဖို့တာကတော့ ဦးစီးကို ပြောပြီးပြီလို့ ပြောပါတယ်၊ ယာမြေကို ဖို့တာလို့ ဦးစီးက ပြောပါတယ်”လို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရန်အောင်မြေ(၂) ရပ်ကွက်စာရေးက ပြောပါတယ်။
လမ်းပိုင်းပျက်စီးနေတာနဲ့ပတ်သက်ပြီး BOT စနစ်နဲ့ တာဝန်ယူထားတဲ့ မြန်မာဧရာမွန်ကုမ္ပဏီက နိုဝင်ဘာလမှစတင်ကာ မတ်လအထိ (၅)လတာကာလအတွင်း အပြီးပြန်လည်ပြင်ဆင်ဖို့ ရှိတယ်လို့ ကုမ္ပဏီတာဝန်ခံ ဦးညီညီဇော်က အရှေ့သံလွင်သတင်းဌာနကို သြဂုတ်လအတွင်း သတင်းမေးမြန်းမှုကို ပြန်လည် ဖြေဆိုထားတာ ဖြစ်ပါတယ်။
အဆိုပါမြေသယ်ယူမှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပါက ဖုန်မှုန့်များ ထိန်းချုပ်နိုင်ရန် လမ်းများကို ရေလောင်းပေးခြင်း၊ မြေသယ်ကားများကို စနစ်တကျမောင်းနှင်စေခြင်း၊ လမ်းသွား လမ်းလာများ ဘေးကင်းစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

