၂၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဖါလွမ်ခရိုင်မှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေး သယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ မူးယစ်ဆေးပြား ၃ သိန်းခန့် သိမ်းဆည်းရမိခဲ့ပါတယ်။
ထိုင်းစစ်တပ်ဟာ ဘန်ဆန်မခက်ရွာအနီးကို မူးယစ်ဆေးသယ်ဆောင်သူတွေ ဖြတ်သန်းမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့တာဖြစ်ပါတယ်။ စစ်ဆေးဖို့ တားဆီးချိန်မှာ တစ်ဖက်က သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ၅ မိနစ်ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းမှာ စစ်တပ်က အဲဒီနေရာကို ပြန်လည်ရှာဖွေရာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးနဲ့အတူ ကျောပိုးအိတ် ၂ လုံးကို တွေ့ရှိခဲ့ပါတယ်။ အိတ်တစ်လုံးစီမှာ မူးယစ်ဆေးပြား ၁ သိန်းခွဲခန့်စီ ပါဝင်ပြီး စုစုပေါင်း ဆေးပြား ၃ သိန်းခန့် သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းစစ်သားတွေဘက်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ချင်းရိုင်ဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ ဆုံရာ ရွှေတြိဂံဒေသမှာ တည်ရှိပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သယ်ယူရောင်းဝယ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ အောက်တိုဘာလအတွင်း မြောက်ပိုင်းနယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါးအများအပြား ဆက်တိုက် ဖမ်းဆီးရမိထားပြီး လက်ရှိမှာလည်း ဒီအမှုနဲ့ ဆက်စပ်သူတွေကို ဆက်လက်စုံစမ်းနေပါတယ်။

