၂၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
IM
ထိုင်းနိုင်ငံ မူကဒါဟန်ခရိုင််မှာ အောက်တိုဘာ ၂၄ ရက်က ရဲတပ်ဖွဲ့က မက်သာဖက်တမင်း ဆေးပြား ၂.၆၂ သန်း ဖမ်းဆီးရမိခဲ့ကာ ဆေးပြားများကို ဘန်ကောက်မြို့က လိုင်စင်ရထားတဲ့ တိုယိုတာ ကင်မရီ ကားတစ်စီးထဲမှာ ဝှက်ထားခဲ့ကာ ရဲက ကားနှစ်စီးကို လမ်းဆုံမှာ တားဆီးခဲ့ပြီး လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဂိုဏ်းတစ်ခုက အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း မူကဒါဟန်မြို့ ဘန်ဆိုင်းရွာမှ ဘူရီရမ်ခရိုင်သို့ ဆေးပြားများ သယ်ယူမည်ဟု သတင်းရရှိပြီးနောက် စစ်ဆင်ရေးကို မူကဒါဟန် ရဲမှူးချုပ် ဖိုင်ရော့ချ် သိုင်းပုတ္တရက ဦးဆောင်ဖမ်းဆီးခဲ့တာပါ။
ဖြစ်စဉ်မှာ ထိုင်းရဲတပ်ဖွဲ့က ကားနှစ်စီးကို မူကဒါဟန်မှာ တွေ့ရှိပြီး လိုက်လံစောင့်ကြည့်ခဲ့ကာ နီကွန်ခမ်းဆိုင် ရဲစခန်း မီးပွိုင့်အနီး ကားများက မီးနီကို ဖြတ်မောင်းပြီး ထွက်ပြေးရန် ကြိုးစားခဲ့တာကို ရဲတပ်ဖွဲ့က ကားရဲ့ တာယာကို ပစ်ခတ်ပြီး ရပ်တန့်စေခဲ့တာပါ။
ကားကို စစ်ဆေးရာ ဆေးပြား ၅ အိတ်ကို တွေ့ရှိခဲ့ပြီး အိတ် ၃ အိတ်ကို ကားအတွင်းထဲ ဝှက်ထားပြီး ၂ အိတ်ကို ကားနောက်မှာ ထာရှိးခဲ့ကာ စုစုပေါင်း ဆေးပြား ၂,၆၂၀,၀၀၀ ခန့် ဖြစ်ပြီး အနီရောင် အမ်ဂျီ ကားတစ်စီးက လမ်းပြကားအဖြစ် ရှေ့မှ မောင်းနှင်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသား ၄ ဦး ဖြစ်ပြီး ၎င်းတို့မှာ ဘူရီရမ်နဲ့ စူရင်ခရိုင်များမှ လာသူများ ဖြစ်တယ်လို့ သိရပါတယ်။
နာခွန်ရတ်ချာစီမာမှ မူးယစ်ဆေး ခေါင်းဆောင်တစ်ဦးက ကားနှစ်စီးကို သွားယူပြီး ဆေးပြားများ တင်ရန် ညွှန်ကြားခဲ့သည်ဟု ရဲက ဆိုထားကာ သူတို့က မူကဒါဟန်မှာ ၃ ရက်ကြာ နေထိုင်ပြီး ဘုရင့်အောက်မေ့ဖွယ် အားလပ်ရက်ကာလကို အသုံးချ၍ ဆေးပြားများ သယ်ယူရန် စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
မူကဒါဟန်ခရိုင်သည် မဲခေါင်မြစ်ကမ်း လာအိုနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ရွှေတြိဂံဒေသမှ မူးယစ်ဆေးများ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သယ်ယူရာ လမ်းကြောင်းတစ်ခုအဖြစ် ယခင်ကလည်း သုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းပြီး ဆေးပြားများ၏ မူလအရင်းအမြစ်၊ သယ်ယူရာ လမ်းကြောင်းနှင့် ဂိုဏ်းအဖွဲ့ဝင်များကို ဆက်လက် စုံစမ်းနေပါတယ်။
#ဆေးပြား၂.၆သန်း

