Language:

မက္ကာနဲ့ မဒီနာဘက် ဟူသီဒုံးကျည် ၂ စင်း ပစ်ခတ်သည်ဟု ဆော်ဒီ ပြောဆို


မက္ကာနဲ့ မဒီနာဘက် ဟူသီဒုံးကျည် ၂ စင်း ပစ်ခတ်သည်ဟု ဆော်ဒီ ပြောဆို

၂၅ အောက်တိုဘာ ၂၀၂၆ ။ (Eastern Thanlwin)

IM

ယီမင်ဟူသီအဖွဲ့က မက္ကာနဲ့ မဒီနာဒေသများဘက်သို့ ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့တယ်လို့ အောက်တိုဘာ ၂၄ ရက်က ပြောကြားခဲ့ပြီး ဆော်ဒီ ကာကွယ်ရေးတပ်ဖွဲ့က ဒုံးကျည်နှစ်စင်းလုံးကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည် အပိုင်းအစများက မက္ကာ၊ ဂျက်ဒါ၊ တာ့ဖ်နဲ့ ရာဘစ်တို့ကို ကျရောက်ခဲ့တယ်လို့ ဆော်ဒီ မြို့ပြ ကာကွယ်ရေးဌာနက စနေနေ့မှာ ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ခဲ့ပြီး မက္ကာနြ့ မဒီနာဒေသများကို ဒုံးကျည် အပိုင်းအစများ ကျရောက်မှုကို တုံ့ပြန်နေသည်ဟု ဖော်ပြခဲ့ပါတယ်။

အပိုင်းအစများထဲ မက္ကာအပြင်ဘက် ဝါဒီ မူဂမ်မတ်စ်ကို ကျခဲ့တဲ့ အပိုင်းအစတစ်ခု ပါဝင်ကာ ဆော်ဒီ သတင်းဌာနက ထုတ်ဝေသော ဓာတ်ပုံများတွင် မီးလောင်ကျွမ်းထားသော ဒုံးကျည် ပုံသဏ္ဌာန် အရာဝတ္ထုကြီးတစ်ခုကို ပြသထားကာ ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် ပျက်စီးမှုအကြောင်း အတည်ပြုချက် မရသေးပေ။

ဟူသီအဖွဲ့က မက္ကာနဲ့ မဒီနာကို ပစ်မှတ်ထားခဲ့သည်ဆိုသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဟူသီ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာဟျာ ဆာရီက ထိုစွပ်စွဲချက်ကို ကြီးမားသော လိမ်လည်မှုဟု ပြောဆိုထားကာ ဟူသီအဖွဲ့က သူတို့ ပစ်မှတ်ထားခဲ့သည်မှာ ဆော်ဒီ လေဆိပ် ၃ ခု၊ ရေနံဆိုင်ရာ အဆောက်အအုံများနှင့် လေတပ်စခန်းတစ်ခုဖြစ်သည်ဟု ဆိုပါတယ်။

ဟူသီအဖွဲ့က ရီယာ့ဒ်ရှိ ဘုရင် ခါလစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ယန်ဘူးရှိ အာရမ်ကို စက်ရုံ၊ ရာဘစ် ရေနံချက်စက်ရုံနှင့် အရှေ့ အနောက် ရေနံပိုက်လိုင်းဆိုင်ရာ စက်ရုံများကို တိုက်ခိုက်ခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့ပါတယ်။

ဟူသီအဖွဲ့က ယီမင် အစိုးရ ရုံးစိုက်ရာ အေဒင်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ပဲ့ထိန်းဒုံးကျည် ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အေဒင်လေဆိပ်ကို ယခုလအတွင်း ၄ ကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယီမင် အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အတွင်းရေးမှူးချုပ်က ဟူသီတို့၏ တိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်သည်ဟု ရှုတ်ချခဲ့ပြီး အရပ်သားများ၏ အသက်နှင့် လုံခြုံရေးကို လျစ်လျူရှုခြင်းဖြစ်သည်ဟု သူက ပြောခဲ့ပါတယ်။

ဟူသီအဖွဲ့က ၂၀၂၂ ခုနှစ်က သဘောတူခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ဇူလိုင်လတွင် ပျက်ပြားသွားပြီးနောက်ပိုင်း ဆော်ဒီ စွမ်းအင် အဆောက်အအုံများနှင့် လေဆိပ်များကို ခပ်စိပ်စိပ် တိုက်ခိုက်နေတာလို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က တနင်္ဂနွေနေ့က ရီယာ့ဒ်ဘက်သို့ ပစ်ခတ်သော ဟူသီဒုံးကျည်တစ်စင်းကို ပစ်ချခဲ့သည်ဟု ပြောဆိုထားပြီး ရီယာ့ဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ၂ ပတ်ကြာ ပိတ်ထားပြီးနောက် အောက်တိုဘာ ၂၅ ရက် တနင်္ဂနွေနေ့တွင် လေကြောင်းများ ပြန်လည် စတင်မည်ဟု ကြေညာခဲ့ပါတယ်။

ဟူသီအဖွဲ့က လေဆိပ်မှာ မလုံခြုံသေးဘဲ စစ်ဘက် ပစ်မှတ်အဖြစ် ဆက်ရှိနေသည်ဟု သတိပေးထားခဲ့ကာ အိန္ဒိယ လေကြောင်းလိုင်းများက ရီယာ့ဒ်နှင့် ဒမ်မမ်သို့ ပျံသန်းမှုများကို နိုဝင်ဘာ ၇ ရက်အထိ ရပ်ဆိုင်းထားပါတယ်။

#မက္ကာနဲ့မဒီနာ

#ဟူသီဒုံးကျည်၂စင်း

#ပစ်ခတ်တိုက်ခိုက်

#ဆော်ဒီ

ဆက်စပ်သတင်းများ

Eastern Thanlwin