Language:

ဓားကိုင်ဆောင်သူ အမျိုးသား ၆ ဦးကို တာချီလိတ်ရဲတပ်ဖွဲ့ဖမ်းဆီး


ဓားကိုင်ဆောင်သူ အမျိုးသား ၆ ဦးကို တာချီလိတ်ရဲတပ်ဖွဲ့ဖမ်းဆီး

၂၄ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့နဲ့ ၂၂ ရက်နေ့တို့တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဥ် ဓားကိုင်ဆောင်ထားသူ အမျိုးသား (၆) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းမှ သိရပါတယ်။

အဆိုပါနေ့ ညပိုင်းတွေမှာ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ဝင်းလှိုင် ဦးစီး​သော တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် ဒုစရိုက်မှုများ ​လျော့နည့်ကျဆင်း​ရေးအတွက် လှည့်ကင်း​ဆောင်ရွက်စဥ် ဓားကိုင်ဆောင်ပြီးသွားလာနေသူ အမျိုးသား (၆)ဦးကို ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

အောက်တိုဘာ (၁၈) ရက်နေ့ ည (၁)နာရီအချိန်ခန့်မှာ ဝမ်မိုင်ရွာလမ်းပေါ်တွင် ပြစ်မှုမှတ်တမ်းဟောင်းရှိသူ ပြည့်စုံ​မောင်(ခ)အာနိုးအား စစ်ဆေးရာ (၈) လက်မခန့်ရှိ ဓါးတစ်​ချောင်းနှင့် (၆) လက်မခန့်ရှိ ဓါးတစ်​ချောင်း တွေ့ရှိကာ ဖမ်းဆီးခဲ့ပါတယ်။ အလားတူ မယ်​ခေါင်ရပ်ကွက် (၇) လမ်းတွင်လည်း ပြစ်မှုမှတ်တမ်းဟောင်းရှိသူ ​နေလင်းထွန်း(ခ)ဝက်က​လေးအား (၂၆) လက်မရှိ ဓါးတစ်​ချောင်းနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ (၂၂) ရက်နေ့ ညတွင် ဆန်ဆိုင်း(က)ရပ်ကွက် စကားဝါလမ်းပေါ်၌ အသက်(၂၃)နှစ်အရွယ် တေဇာ​အောင်(ခ)င​စောင်း၊ မယ်​ခေါင် (၉) လမ်းမပေါ်တွင် အသက် (၃၅)နှစ်အရွယ် အောင်မြင်သူ(ခ)အာနိုး ၊ဝမ်မိုင်​ ဈေးလမ်းမပေါ်တွင် ​အသက်(၂၆)နှစ်အရွယ် ဝေလွင်ထွန်း(ခ)ဘိ နှင့် ရှိုင်းရှိုင်း(ခ)အ​သေး​လေး တို့ကို ၎င်းကိုင်ဆောင်ထားတဲ့ ဓားရှည်နဲ့ဓားတိုများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အဆိုပါဖမ်းဆီးခံရသူ(၆)ဦးကို ဓားကိုင်ဆောင်မှု (လက်နက် ဥပဒေပုဒ်မ ၂၃(က)) တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။

ယခုလပိုင်းအတွင်း တာချီလိတ်မြို့နယ်အတွင်းမှာ ဆိုင်ကယ်ခိုးယူမှု၊ နေအိမ်ဖောက်ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေးအတွက် ညစဉ် ကင်းလှည့်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Eastern Thanlwin