Language:

မီဇိုရမ်တွင် ဟီရိုအင်း ၁.၁၈ ကီလိုနှင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ


မီဇိုရမ်တွင် ဟီရိုအင်း ၁.၁၈ ကီလိုနှင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

၂၃ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်းပိုင်ခရိုင်တွင် ဟီရိုအင်း ၁.၁၈ ကီလိုဂရမ်နှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက် ကြာသပတေးနေ့ နံနက်အစောပိုင်းမှာ ငူရွာကျေးရွာအနီး ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို မီဇိုရမ်ပြည်နယ် ယစ်မျိုးနှိမ်နင်းရေးနှင့် အရက်ယမကာဌာနက အာသံရိုင်ဖယ်စ်တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အာသံရိုင်ဖယ်စ်ရဲ့ ထောက်လှမ်းရေးအဖွဲ့လည်း ပါဝင်ခဲ့တယ်လို့ The Times of Indiaသတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ဘူဖက်ရွာမှာ နေထိုင်သူဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူသယ်ဆောင်လာတဲ့ ဟီရိုအင်းတွေကို ဆပ်ပြာခွက်အမွှေး ၁၀၀ ထဲမှာ ထည့်သွင်းသယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ အိန္ဒိယရူပီး ၂.၃၇ ကုဋေ၊ တစ်နည်းအားဖြင့် ရူပီး ၂၃.၇ သန်းခန့် ရှိတယ်လို့ မူးယစ်ဆေးဝါးတားဆီးရေးဗျူရိုရဲ့ ဈေးနှုန်းသတ်မှတ်ချက်အပေါ် အခြေခံပြီး ခန့်မှန်းထားပါတယ်။

ဖမ်းဆီးခံရသူကို မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၂၁(ဂ) နဲ့ အမှုဖွင့်ထားပြီး ချမ်းပိုင်မြို့ရှိ မူးယစ်ဆေးဝါးတားဆီးရေးရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ မူးယစ်ဆေးဝါးတွေ ဘယ်ကနေ ရရှိလာသလဲ၊ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့ မှောင်ခိုကွန်ရက်တွေ ဘယ်သူတွေဖြစ်သလဲဆိုတာကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းနေပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုတွေကို တားဆီးနှိမ်နင်းရာမှာ အရေးပါတဲ့ နယ်စပ်ဒေသတစ်ခုဖြစ်ပါတယ်။ ယခုဖမ်းဆီးရမိတဲ့ ဟီရိုအင်းတွေဟာ မြန်မာနိုင်ငံဘက်ကနေ မှောင်ခိုတင်သွင်းလာတာဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။

မီဇိုရမ်အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁ ရက်ကစပြီး Operation Jericho အမည်နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကြောင့် ဟီရိုအင်းနဲ့ မက်သမ်ဖီတမင်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးစွဲလမ်းမှုနဲ့ ဆက်စပ်ပြီး ယခုနှစ်အတွင်း သေဆုံးသူ ၅၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်ကစပြီး ယခုအချိန်အထိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူ စုစုပေါင်း ၂,၀၅၁ ဦး ရှိပြီဖြစ်တယ်လို့ ဌာနဆိုင်ရာမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

#မူးယစ်ဆေးဝါး

#ဘိန်းဖြူ

#မီဇိုရမ်

#အိန္ဒိယနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin