Language:

ပုဂ္ဂလိကကျောင်းနဲ့ ပြည်ပဘွဲ့ရရှိသူတွေ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီရင် အသိအမှတ်ပြုနိုင်


ပုဂ္ဂလိကကျောင်းနဲ့ ပြည်ပဘွဲ့ရရှိသူတွေ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီရင် အသိအမှတ်ပြုနိုင်

၂၃ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ပုဂ္ဂလိကကျောင်းတွေနဲ့ ပြည်ပနိုင်ငံတွေက ရရှိထားတဲ့ ဘွဲ့‌တွေမှာ သတ်မှတ် အရည်အချင်းများနဲ့အညီ စိစစ်အသိအမှတ်ပြုနိုင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ပါတယ်။

အဆိုပါသိရှိလိုခြင်းမေးခွန်းကို အောက်တိုဘာ ၂၀ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက ပုဂ္ဂလိကကျောင်းများနှင့် ပြည်ပနိုင်ငံများမှ ရရှိသော ဘွဲ့များအား မည်ကဲ့သို့ အသိအမှတ်ပြုထားကြောင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ရရှိရေး မည်သို့စီမံထားရှိကြောင်း သိရှိလိုသည့် မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

ပညာရေးဒုတိယဝန်ကြီး ဖြေကြားချက်အရ ပုဂ္ဂလိကပညာရေးဥပဒေ ပုဒ်မ ၃၈၊ ၃၉ နဲ့ ၄၀ မှာ ဖော်ပြထားတဲ့ ဆရာအရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ပုဂ္ဂလိကအခြေခံပညာကျောင်း၊ အဆင့်မြင့်ပညာကျောင်းနဲ့ နည်းပညာ၊ သက်မွေးပညာရေးကျောင်းတွေမှာ ဆရာအဖြစ် လျှောက်ထားနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

လျှောက်ထားသူတွေဟာ DCS (Disloyal Civil Servant) ကင်းရှင်းပြီး ရရှိထားတဲ့ဘွဲ့ မှန်ကန်ကြောင်း စိစစ်အတည်ပြုနိုင်ပါက သက်ဆိုင်ရာ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ကြောင်း သိရပါတယ်။

ထို့အပြင် ပုဂ္ဂလိကကျောင်းများနှင့် ပြည်ပနိုင်ငံများမှ ဘွဲ့ရရှိထားသူများကို အလုပ်ခန့်ထားရာတွင် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းအဖြစ် ရွေးချယ်ခန့်ထားရာတွင်ဖြစ်စေ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာနှင့် အမျိုးသား/သမီး အကြောင်းပြု၍ ခွဲခြားမှု မပြုကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းအဖြစ် လျှောက်ထားလိုသူတွေကတော့ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ အမိန့်ကြော်ငြာစာတွေကို လိုက်နာပြီး လျှောက်ထားနိုင်ကြောင်း ပြောကြားခဲ့ကာ ပုဂ္ဂလိက ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခြင်းသည်လည်း နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

#ပုဂ္ဂလိကကျောင်း

#ပြည်ပဘွဲ့

#သတ်မှတ်အရည်အချင်း

ဆက်စပ်သတင်းများ

Eastern Thanlwin