၂၂ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
NPW
အမျိုးသားဘာသာ၊ စာပေနဲ့ ယဉ်ကျေးမှု၊ ရိုးရာထုံးစံတွေ မပျောက်မပျက်စေဖို့အတွက် အမျိုးသား ဘာသာ၊ စာပေ၊ ယဉ် ကျေးမှုဆိုင်ရာမူဝါဒနဲ့ အမျိုးဘာသာစာပေ ရေရှည်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တစ်ခုရေးဆွဲပြီး တိတိကျကျ ပြဌာန်းသင့်ကြောင်း အဆိုကို ဒေါက်တာရွှေပြည်စိုးက အောက်တိုဘာ ၂၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စာပေယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်ကာကွယ်တဲ့ မူဝါဒ မရှိသေးတဲ့တွက် အခြေခံ ပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတွေက စပြီး အဆင့်မြင့် ပညာရေးအထိ မြန်မာ့စာပေယဉ်ကျေးမှု လက္ခဏာတွေ မပျောက်ပျက်အောင် မူဝါဒတစ်ရပ်အနေနဲ့ ထိန်းသိမ်းကာကွယ်နိုင်တဲ့ မြန်မာစာအဖွဲ့ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့ အဆိုရှင်က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရပ်စာအုပ်တွေ ထုတ်ဝေနိုင်ရေး အထူးအားပေးဖို့၊ သုတေသနပြုဖို့ လိုအပ်နေပြီး ကျောင်းတွေနဲ့ ရပ်ကွက်အတွင်း ပြောဆိုနေတဲ့ မြန်မာစကားအသံထွက် မှားယွင်းတာတွေဟာ ပိုဆိုးလာတယ်လို့လည်း ဆိုပါတယ်။
“ ဒါဟာ မြန်မာစာသင်ကြားမှု သင်ယူမှု အားနည်းခြင်းရဲ့ သာဓက ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ နိုင်ငံတကာသုံး အင်္ဂလိပ်စာ စွမ်းရည်တိုးတက်လာပေမယ့်လည်း မြန်မာစာပေအဆင့်မှာ အားမနာတမ်းဝေဖန်ရရင် စွမ်းရည်နိမ့်နေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် မြန်မာဘာသာစကား တနည်း စာပေယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်ရေးဆွဲ ဆွေးနွေးပြီး တစ်စုံတစ်ခု ပြဌာန်းမှသာလျှင် တည်တံ့ခိုင်မြဲပါလိမ့်မယ် ” လို့ ဒေါက်တာရွှေပြည်စိုးက ပြောပါတယ်။
မြန်မာ့စာပေယဉ်ကျေးမှု မူဝါဒ မချမှတ်နိုင်ရင် နောင်နှစ်ပေါင်း ၅၀ ကနေ ၁၀၀ အတွင်း လုံးဝပျောက်ကွယ်သွားနိုင်ပြီး နိုင်ငံ တစ်နိုင်ငံရဲ့ အသက်ဟာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးသာမက ပညာရေးနဲ့ ဘာသာစကားကလည်း တန်းတူပါဝင်နေတယ်လို့ ပြောကြားပါတယ်။
ထို့ကြောင့် ပညာရေး၊ ယဉ်ကျေးမှုနဲ့ လူငယ်ရေးရာဝန်ကြီးဌာနတို့ ချိတ်ဆက်ညှိနှိုင်းကာ လူငယ်ထုအတွင်း မြန်မာဘာသာစ ကား၊ မြန်မာစာပေယဉ်ကျေးမှုဆိုင်ရာ အသိအမြင်တွေ စိမ့်ဝင်အောင် စည်းရုံးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

