၂၂ ရက် အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ မူးယစ်ဆေးဝါးကွန်ရက်များကို ထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် မူးယစ်ဆေးဝါးကွန်ရက်များကို ပူးပေါင်းနှိမ်နင်းရန် UNODC တိုက်တွန်းလိုက်ပါတယ်။
ထောက်လှမ်းရေးသတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ငွေကြေးစီးဆင်းမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်းများကို ခြေရာခံခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က တိုက်တွန်းခဲ့ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံး (ONCB) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မဲခေါင်မြစ်ဝှမ်းဒေသအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်တဲ့ အစည်းအဝေးမှာ UNODC ကိုယ်စားလှယ်က အဆိုပါကိစ္စရပ်များကို တိုက်တွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အောက်တိုဘာလ (၁၉) ရက်မှ (၂၁) ရက်အထိ ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့ရှိ Dusit Thani Pattaya ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။
မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ ကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်များက အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြောင်း သိရပြီး UNODC ကိုယ်စားလှယ်ကလည်း အစည်းအဝေးမှာ အတွင်းရေးမှူးအဖွဲ့အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
UNODC ကိုယ်စားလှယ်က မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှေ့ပြေးဓာတုပစ္စည်းများကို ထိန်းချုပ်ရန်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်တဲ့ ငွေကြေးစီးဆင်းမှုများကို စုံစမ်းစစ်ဆေးရန်၊ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်းများကို ခြေရာခံရန်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို စနစ်တကျ နှိမ်နင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဒေသတွင်းနိုင်ငံများအကြား ထောက်လှမ်းရေးသတင်းအချက်အလက် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန်လည်း တိုက်တွန်းခဲ့ကြောင်း ONCB ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

