Language:

ရှမ်းမြောက်က ပျက်စီးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံများ၊ ဓာတ်အားလိုင်းများကို အစိုးရက ကူညီထောက်ပံ့ပြုပြင်ပေးနေ


ရှမ်းမြောက်က ပျက်စီးခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံများ၊ ဓာတ်အားလိုင်းများကို အစိုးရက ကူညီထောက်ပံ့ပြုပြင်ပေးနေ

၂၂ အောက်တိုဘာ ၂၀၂၆

ဇင်ကြီး

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့များအပါအဝင် အချို့မြို့များတွင် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများနှင့် ဓာတ်အားလိုင်းများကို အစိုးရက ကူညီထောက်ပံ့ပြုပြင် ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားလိုက်ပါတယ်။

ရှမ်းမြောက်စစ်ပွဲကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့များအပါအဝင် အချို့မြို့ရွာများတွင် ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူ့နေအိမ်နဲ့ အဆောက်အအုံများကို နိုင်ငံတော်က မည်သို့ ပြန်လည်ကုစား ဆောင်ရွက်ပေးမည်ဆိုသည့် မေးခွန်းကို အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ နောင်ချိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က မေးမြန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့များအပါအဝင် အချို့မြို့များတွင် ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများနှင့် ဓာတ်အားလိုင်းများကို အစိုးရက ကူညီထောက်ပံ့ပြုပြင်ပေးနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

ထို့ပြင် ကျောက်မဲနှင့် သီပေါမြို့တို့တွင် ပျက်စီးခဲ့သည့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများကို ပြည်ထောင်စုရန်ပုံငွေအပါအဝင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေတို့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီတွင် အမျိုးသားဓာတ်အားကွန်ရက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်အားပြန်လည်ရရှိပြီးနောက် ကျောက်မဲမြို့ရှိ ရပ်ကွက် ၇ ခု၊ ဌာနဆိုင်ရာရုံး ၂၉ ရုံးနှင့် စာသင်ကျောင်း ၆ ကျောင်းအပြင် သီပေါမြို့ရှိ ရပ်ကွက် ၁၀ ခု၊ ဌာနဆိုင်ရာရုံး ၂၁ ရုံးနှင့် စာသင်ကျောင်း ၇ ကျောင်းတို့သို့လည်း လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖြေကြားမှုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်က ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူ့နေအိမ်များအတွက် မည်သို့ပြန်လည်ကုစားပေးမည်၊ မည်သို့ကူညီထောက်ပံ့ပေးမည်ကိုလည်း ထပ်ဆင့်မေးမြန်းခဲ့ကြောင်း သိရပါတယ်။

ထပ်ဆင့်မေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ကူညီထောက်ပံ့ပေးရေးအတွက် နယ်မြေဒေသအခြေအနေနှင့် လိုအပ်ချက်များအပေါ် မူတည်ကာ သက်ဆိုင်ရာမြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ အဆင့်ဆင့်တင်ပြရမှာလို့ ဆိုပါတယ်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ ဆက်လက်တင်ပြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

#ရှမ်းမြောက်

#နေအိမ်အဆောက်အအုံ

#ဓာတ်အားလိုင်း

#အစိုးရ

ဆက်စပ်သတင်းများ

Eastern Thanlwin