၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဦးတည်ရွေ့လျားနေတဲ့ စူပါတိုင်ဖွန်း ရိုဆယ်ကြောင့် ဘာတာနက်ပြည်နယ်မှာ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက အချက်ပြအမှတ် ၂ ကို ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင် မိုးလေဝသဌာန PAGASA ရဲ့ ထုတ်ပြန်ချက်အရ နံနက် ၁၀ နာရီမှာ မုန်တိုင်းဟာ လူဇုန်ကျွန်း မြောက်ပိုင်းရဲ့ အရှေ့ဘက် ကီလိုမီတာ ၈၄၅ အကွာမှာ ရှိနေပြီး တစ်နာရီကို ကီလိုမီတာ ၂၅ နှုန်းနဲ့ အနောက်မြောက်ဘက်ကို ရွေ့လျားနေပါတယ်။
မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၂၁၅ ရှိပြီး လေပြင်းတိုက်နှုန်းကတော့ ကီလိုမီတာ ၂၆၅ အထိ ရှိနေပါတယ်။ နိုင်ငံတကာမှာ ချန်ပီလို့ အမည်ပေးထားတဲ့ ရိုဆယ်ဟာ လက်ရှိမှာ အားအကောင်းဆုံးအဆင့်ကို ရောက်ရှိနေတယ်လို့ PAGASA က ပြောပါတယ်။
ဘာတာနက်မှာ တစ်နာရီကို ကီလိုမီတာ ၆၂ ကနေ ၈၈ အထိ လေပြင်းတိုက်ခတ်နိုင်ပြီး အခြားဒေသခြောက်ခုမှာလည်း အချက်ပြအမှတ် ၁ ကို ဆက်လက်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘာတာနက်မှာ အောက်တိုဘာ ၂၂ ရက်အတွင်း မိုးရေချိန် ၁၀၀ ကနေ ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၈ မီတာအထိ ရှိနိုင်တာကြောင့် ရေကြောင်းခရီးသွားလာမှုကိုလည်း အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
PAGASA ရဲ့ ခန့်မှန်းချက်အရ မုန်တိုင်းဟာ ကြာသပတေးနေ့နဲ့ သောကြာနေ့ နေ့လယ်ပိုင်းကြားမှာ လူဇုန်ကျွန်း မြောက်ဖျားပိုင်းနဲ့ အနီးဆုံးကို ရောက်ရှိနိုင်ပေမဲ့ ကုန်းမြေပေါ် တိုက်ရိုက်ဝင်ရောက်ဖို့ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းကစပြီး အားတဖြည်းဖြည်း လျော့လာနိုင်ပြီး တနင်္ဂနွေနေ့မှာ ပြင်းထန်အပူပိုင်းမုန်တိုင်းအဆင့်အထိ အားလျော့သွားနိုင်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ ဒါပေမဲ့ မုန်တိုင်းလမ်းကြောင်းနဲ့ အားအပေါ်မူတည်ပြီး အချက်ပြအဆင့်ကို အမှတ် ၃ အထိ တိုးမြှင့်နိုင်ခြေလည်း ရှိနေပါတယ်။

