၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တောင်ကိုရီးယားနိုင်ငံမှာ အိမ်မြှောင်ကို အစာကျွေးဖို့နဲ့ ကားဆေးဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခွင့်ပြုချက်မရှိဘဲ တပ်ပြင်ကို ၁၀ လအတွင်း ၆၄ ကြိမ်အထိ ထွက်ခွာခဲ့တဲ့ စစ်အရာရှိတစ်ဦးကို တာဝန်မှ ၂ လ ဆိုင်းငံ့ထားတဲ့ အရေးယူမှုကို တရားရုံးက အတည်ပြုလိုက်ပါတယ်။
ဘူဆန်ခရိုင်တရားရုံးက အောက်တိုဘာ ၁၅ ရက်မှာ အဲဒီစစ်အရာရှိရဲ့ တိုင်ကြားလျှောက်ထားမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ သူဟာ အရေးယူမှုကို ပြန်လည်ပယ်ဖျက်ပေးဖို့ တပ်မှူးကို တရားစွဲဆိုခဲ့တာပါ။
တပ်စခန်းဝင်ထွက်မှတ်တမ်းတွေအရ အဲဒီအရာရှိဟာ ၁၀ လအတွင်း ရုံးဖွင့်ရက် အလုပ်ချိန်တွေမှာ ခွင့်တောင်းတာ၊ တပ်မှူးကို အသိပေးတာမရှိဘဲ တပ်စခန်းကနေ ကားမောင်းထွက်ခွာခဲ့တာ ၆၄ ကြိမ်ရှိတယ်လို့ သိရပါတယ်။
တပ်စောင့်အရာရှိတစ်ဦးကလည်း သူဟာ “အိမ်မြှောင်ကို အစာကျွေးရမယ်”၊ “ကားဆေးရမယ်” စတဲ့ အကြောင်းပြချက်တွေနဲ့ မကြာခဏ တပ်ပြင်ထွက်လေ့ရှိတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်သည် ၂၆ ဦး တင်ပြထားတဲ့ အပြင်ထွက်ခွင့်၊ ညအိပ်ခွင့်နဲ့ ခွင့်ရက်လျှောက်လွှာ စုစုပေါင်း ၆၉၈ ခုကိုလည်း အတည်ပြုပေးဖို့ နှောင့်နှေးစေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို နှောင့်နှေးမှုတွေကြောင့် စစ်သည်တွေဟာ စစ်တပ်က ပံ့ပိုးပေးတဲ့ ရထားလက်မှတ်တွေ ရယူနိုင်ခြင်းမရှိတော့ဘဲ ခရီးစရိတ်ကို ကိုယ်တိုင်ပေးပြီး သွားလာခဲ့ရတယ်လို့ သိရပါတယ်။
ခွင့်လျှောက်ထားတဲ့ စစ်သည်တွေကိုလည်း “ဒါက ရပ်ရွာဝန်ဆောင်မှုစင်တာလား။ ထွက်သွားစမ်း” ဆိုတဲ့ စကားမျိုးနဲ့ ရိုင်းစိုင်းစွာ ပြောဆိုခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
နောက်ပြီး ခါးနာဝေဒနာကြောင့် တာဝန်ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တဲ့ စစ်သည်တစ်ဦးကိုလည်း စိတ်ကျန်းမာရေးပြဿနာကြောင့် စစ်တပ်ကနေ ထွက်သွားဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားတပ်မတော်ရဲ့ စည်းကမ်းထိန်းသိမ်းရေးစည်းမျဉ်းတွေအရ အဲဒီလို ပြစ်မှုတွေဟာ ရာထူးကနေ ထုတ်ပယ်တဲ့အထိ အရေးယူနိုင်တဲ့ ပြစ်မှုမျိုးဖြစ်ပြီး စည်းကမ်းချိုးဖောက်မှု အများအပြားရှိပါက ပိုမိုပြင်းထန်တဲ့ အရေးယူမှုမျိုးလည်း ချမှတ်နိုင်တယ်လို့ တရားရုံးက ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်မှာ အရေးယူမှုပုံစံနှစ်မျိုးစလုံးဟာ စစ်မှုထမ်းတာဝန်ကို အဆုံးသတ်စေပါတယ်။ ဒါပေမဲ့ ပိုမိုပြင်းထန်တဲ့ “ပါမြွန် (pamyeon)” ဆိုတဲ့ အရေးယူမှုမှာ အငြိမ်းစားခံစားခွင့်တွေ လျှော့ချခံရနိုင်ပါတယ်။
သာမန်ရာထူးမှထုတ်ပယ်မှုဖြစ်တဲ့ “ဟယ်အင် (haeim)” မှာတော့ အဂတိလိုက်စားမှုဆိုင်ရာ အချို့အမှုတွေကလွဲရင် အဲဒီခံစားခွင့်တွေကို ယေဘုယျအားဖြင့် ဆက်လက်ရရှိနိုင်တယ်လို့ Korea Herald သတင်းဌာနနဲ့ Asia News Network တို့က ဖော်ပြထားပါတယ်။

