Language:

အွန်လိုင်း လိမ်လည်မှုများကို IMF နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း တိုက်ဖျက်မယ်


အွန်လိုင်း လိမ်လည်မှုများကို IMF နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း တိုက်ဖျက်မယ်

၁၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

IM

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့က အောက်တိုဘာ ၁၄ ရက်မှာ ဘန်ကောက်မြို့၌ အွန်လိုင်း လိမ်လည်မှုများကို တိုက်ဖျက်ရန် အစီအစဉ်သစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

အစီအစဉ်ကို ဘန်ကောက် မူကြမ်းလို့ အမည်ပေးထားပြီး ၎င်းကို ထိုင်းဗဟိုဘဏ်နဲ့ ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပြီး ထုတ်ပြန်ပွဲကို IMF နဲ့ ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးများ အတွင်း ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ကျင်းပခဲ့တာပါ။

၎င်းသည် စည်းမျဉ်း အသစ် ချမှတ်ခြင်း မဟုတ်ဘဲ နိုင်ငံများ လိုက်နာ ကျင့်သုံးနိုင်ဖို့ လမ်းညွှန်မူကြမ်း တစ်ရပ် ဖြစ်ပြီး မူကြမ်းမှာတော့ အဓိက စဉ်းစားရမယ့် အချက် ၁၂ ချက် ပါဝင်ပါတယ်။

ထိုအချက်များကို မဏ္ဍိုင် ၅ ရပ်နဲ့ စုစည်းထားကာ ဥပဒေ အခြေခံများ တည်ဆောက်ခြင်း၊ လိမ်လည်မှု ကာကွယ်ရေးနှင့် တုံ့ပြန်ရေး အဆင့်ဆင့် အားကောင်းစေခြင်း၊ ရှိပြီးသား ဥပဒေ စိုးမိုးရေး နည်းလမ်းများ အသုံးချခြင်း၊ ပြည်တွင်းနှင့် နယ်စပ်ဖြတ် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းနှင့် သုံးစွဲသူများ ကာကွယ်ရေးနှင့် ခံနိုင်ရည် မြှင့်တင်ရေးတို့ ဖြစ်ပါတယ်။

နိုင်ငံတိုင်း မိမိတို့ ဥပဒေ၊ အဖွဲ့အစည်းနှင့် ဈေးကွက် အခြေအနေအလိုက် လိုက်လျောညီစွာ ကျင့်သုံးရန် တိုက်တွန်းထားကာ အစိုးရ ဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့ကလည်း တာဝန်ကို ရှင်းလင်းစွာ ခွဲဝေပြီး သတင်း အချက်အလက်များကို အချိန်မီ မျှဝေရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

အွန်လိုင်း လိမ်လည်ဂိုဏ်းတွေက အရှေ့တောင်အာရှမှာ ပျံ့နှံ့နေပြီး အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဒေသ‌တွေမှာ လိမ်လည်မှု စခန်းတွေ များပြားနေပြီး ထိုင်းနိုင်ငံက ထိုစခန်းတွေနဲ့ ဆက်နွယ်တဲ့ လူကုန်ကူးမှုအတွက် ဖြတ်သန်းရာ လမ်းကြောင်း တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

လိမ်လည်သူများသည် လူမှုကွန်ရက်၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများ၊ အွန်လိုင်း ဈေးဝယ်စနစ်များနှင့် ဆက်သွယ်ရေး ကွန်ရက်များကို အသုံးချနေကြပြီး အာရှဒေသသည် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ လိမ်လည်မှု ဆုံးရှုံးမှု၏ ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ထိုင်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူး Vitai Ratanakorn က ပြောပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေးစနစ် ကျယ်ပြန့်လာတာနဲ့အမျှ လိမ်လည်မှုများသည်လည်း ပိုမို မြန်ဆန်၊ ကြီးမားပြီး ရှုပ်ထွေးလာနေရာ ဆိုက်ဘာနည်းပညာသုံး လိမ်လည်မှုသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

အင်တာပိုလ်က ၎င်းကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုတို့နှင့်အတူ အန္တရာယ် အကြီးဆုံး ရာဇဝတ်မှုများထဲတွင် ထည့်သွင်းထားကာ မည်သည့် နိုင်ငံ တစ်ခုတည်းကမျှ ဤပြဿနာကို တစ်ဦးတည်း မဖြေရှင်းနိုင်ဟု ထိုင်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေးစနစ် တိုးတက်လာလို့ ရရှိခဲ့တဲ့ အကျိုးကျေးဇူးများ နောက်ပြန် ဆုတ်သွားနိုင်တယ်လို့လည်း IMF အကြီးအကဲ Kristalina Georgieva က သတိပေးပါတယ်။

ယုံကြည်မှုသည် ငွေကြေးစနစ်တိုင်း၏ အခြေခံ ဖြစ်သည်ဟုလည်း သူမက ဆိုထားကြောင်းနဲ့ ယုံကြည်မှု မပျက်စီးစေဖို့ နိုင်ငံများ အတူတကွ ပူးပေါင်း တိုက်ဖျက်ကြရန် မူကြမ်းက တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ဘဏ်မှ Anshula Kant ကလည်း ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများသည် အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သော်လည်း လိမ်လည်မှုမှ ကာကွယ်ရေးသည် မရှိမဖြစ် လိုအပ်သည်ဟု ပြောဆိုခဲ့ပါတယ်။

#အွန်လိုင်းလိမ်လည်မှု

#IMF

#ကမ္ဘာ့ဘဏ်

#တိုက်ဖျက်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin