၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်းနိုင်ငံထဲ ရေကြီးမှုကြောင့် သေဆုံးသူ ၇၁ ဦးအထိ ရှိလာကာ လူ ၂ သန်းခွဲကျော် အကူညီအထောက်ပံ့များ လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရေကြီးမှုမှာ စက်တင်ဘာ ၁၆ ရက်မှစတင်ခဲ့ပြီး ပြည်နယ် ၅၁ ခုတွင် ရေကြီးခဲ့ကာ လက်ရှိ ဘန်ကောက်အပါအဝင် ပြည်နယ် ၂၁ ခုတွင် ရေများကျန်နေဆဲဖြစ်လို့ ယခု နောက်ဆုံး တရားဝင်စာရင်းအသစ်အရ ထိခိုက်သော အိမ်ထောင်စု စုစုပေါင်းမှာ ၉၀၈,၀၀၀ ခန့် ရှိနေပါတယ်။
ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန၏ အောက်တိုဘာ ၁၂ ရက် နံနက် ၆ နာရီ စာရင်းအရ လူ ၂,၄၅၈,၈၉၅ ဦး ဆက်လက် ထိခိုက်နေကာ ၎င်းတို့မှာ ပြည်နယ် ၂၀ နဲ့ ခရိုင် ၁၀၀၊ ကျေးရွာ ၆,၀၀၀ နီးပါးမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။
လက်ရှိ ဖစ်စနုလော့နဲ့ ဖက်ချဘူရီမှာ ရေမျက်နှာပြင် မြင့်တက်နေကာ အခြားနေရာများတွင်မူ ရေသည် ကျဆင်း နေပြီး အောက်တိုဘာ ၁၃ ရက်အထိ မိုးထပ်ရွာနိုင်သဖြင့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများ သတိထားရန် အာဏာပိုင်များက သတိပေးထားသည်။
လမ်းပန်း ဆက်သွယ်ရေးလည်း ထိခိုက်နေကာ ပြည်နယ် (၅) ခုရှိ လမ်းနေရာ (၉) နေရာကို ဖြတ်သန်း၍ မရသေးကြောင်း လမ်းမကြီးများ ဦးစီးဌာနက ပြောဆိုထားပါတယ်။
အဆိုပါ နေရာများသည် ကန်ချနဘူရီ၊ ဖက်ချဘူရီ၊ ရယောင်၊ ချာချင်ဆောင်နဲ့ ပရာချင်ဘူရီတို့ ဖြစ်ပြီး ရေကျသွားသော နေရာများတွင်မူ ရှင်းလင်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်နေပြီး ခရီးသွားများအနေဖြင့် မထွက်ခွာမီ လမ်းအခြေအနေကို စစ်ဆေးရန် အာဏာပိုင်များက တိုက်တွန်းထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အထောက်ပံ့များကိုလည်း ထိုင်းအစိုးရက ဆက်လက် လုပ်ဆောင်ပေးနေရာ အထောက်အပံ့ ပေးပို့မှု ၅ ကြိမ်ဖြင့် အိမ်ထောင်စု ၁၃၅,၇၈၂ စုထံ ဘတ် ၁.၀၆၉ ဘီလီယံကျော် အထိ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးကလည်း မြို့အတွင်း ထိခိုက်သော အိမ်ထောင်စု ၈၈,၁၉၈ စုအတွက် ဘတ် ၆၄၉.၄ သန်း ခွင့်ပြုထားကာ ၎င်းတို့ထဲမှ အိမ်ထောင်စု ၅၂,၁၀၇ စုက ဘတ် ၉,၀၀၀ စီ ရရှိမည်ဖြစ်ကာ ကျန် အိမ်ထောင်စု ၃၆,၀၉၁ စုက ဘတ် ၅,၀၀၀ စီ ရရှိမှာဖြစ်ပါတယ်။
သီးခြား လျှောက်ထားမှုမှာလည်း လျှောက်လွှာ ၈၇,၉၉၂ စောင် ရောက်ရှိလာပြီး ပျက်စီးစစ်ဆေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကာ ဝန်ကြီးချုပ် အနုထင်က ပြည်နယ် အုပ်ချုပ်ရေးမှူးများကို ရေနုတ်မြောင်းများ ရှင်းလင်းရန် ညွှန်ကြားထာကာ ကျန်နေသော အထောက်အပံ့ လျှောက်ထားမှုများကိုလည်း မနှောင့်နှေးဘဲ အမြန် ဆောင်ရွက်ရန် ၎င်းက မှာကြားထားပါတယ်။

