၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
မြန်မာစစ်တပ်ရဲ့ တတိယအာဏာအရှိဆုံး ရာထူးနေရာတစ်ခုဖြစ်တဲ့ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးနေရာကို စစ်တက္ကသိုလ်အပတ်စဥ် (၃၈)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ကို တာဝန်ပေးခန့်အပ်လိုက်တယ်လို့ နေပြည်တော်က စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ယခင် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တာကြောင့် လစ်လပ်နေတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူးနဲ့ တပ်မတော် (ကြည်း) စစ်ဦးစီးအရာရှိချုပ်ဖြစ်ခဲ့ဖူးသူ ဒုဗိုလ်ချုပ်ကြီး သန်းထိုက်နဲ့ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကိုတော့ စစ်တက္ကသိုလ်အပတ်စဥ်(၃၈)ဆင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရခ)ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တာဝန်ပေးခန့်အပ်ခဲ့ပြီး (စရခ) ချုပ်နေရာကိုတော့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းကို တာဝန်ပေးထားတယ်လို့ နေပြည်တော်က စစ်ရုံးနဲ့ နီးစပ်သူ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာ့တပ်မတော်ရဲ့ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ခဲ့သူ လက်ရှိမြန်မာနိုင်ငံရဲ့ သမ္မတလည်းဖြစ်တဲ့ ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတာဖြစ်ပါတယ်။
ယခု ညှိကွပ်အသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၃၈)ဆင်းဖြစ်ပြီး ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၀) မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

