Language:

တာချီလိတ်မှာ ရာဘာအနံ့ဆိုးများ ပြန်လည်ထွက်ပေါ်နေ


တာချီလိတ်မှာ ရာဘာအနံ့ဆိုးများ ပြန်လည်ထွက်ပေါ်နေ

၁၂ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံကျေးရွာအုပ်စု၊ ဆေးခမ်းရပ်ကွက်နဲ့ ရန်အောင်မြေ ရပ်ကွက်တို့မှာ ရာဘာ အနံ့ဆိုးများ ပြန်လည်ထွက်ပေါ်နေတယ်လို့ အနီးနား နေထိုင်တဲ့ ဒေသခံတွေက အရှေ့သံလွင်သတင်းမီဒီယာကို ပြောဆိုလာကြပါတယ်။

‌ဝမ်လုံကျေးရွာအုပ်စုမှာ မနက်ခင်းပိုင်းအချိန် ရာဘာအနံ့အနည်းငယ်ပြန်ရနေပြီး ရာဘာအနံ့ကြောင့် ခေါင်းမူးတာတွေ ဖြစ်နေရပါတယ်လို့ ဒေသခံတို့က ဆိုပါတယ်။

“အစ်ကိုတို့ဖက်မှာတော့ မနက်ပိုင်း (၅) နာရီကနေ (၆) နာရီအထိ အနံ့ရတယ်။ အရင်လို အရမ်းကြီးတော့ မဆိုးသေးဘူး၊ ခေါင်းမူးတာလေးတွေတော့ ရှိတယ်” လို့ ဝမ်လုံးကျေးရွာ ရာအိမ်မှူး ဦးအေးလွင်က အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

မြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ ဆေးခမ်းရပ်ကွက်မှာတော့ အဆိုပါ အနံ့ဆိုးများကြောင့် အော့အန်တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပြီး ရန်အောင်မြေရပ်ကွက်မှာတော့ အနံ့ကို တစ်ချက် တစ်ချက်ရတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။

“အနံ့ရတာတော့ (၂ )ရက်လောက်ရှိပြီ။ ပါလျှံဖက်မှာတော့ လေတိုက်တဲ့အချိန် အနံ့က တစ်ချက်တစ်ချက်ရတယ်။ အရမ်းကြီးဆိုးဆိုးဝါးဝါးတော့ မဟုတ်ဘူး”လို့ ရန်အောင်မြေရပ်ကွက်မှာ နေထိုင်သူ ကိုယားမူက ပြောပါတယ်။

ဖန်မင်ကျေးရွာအုပ်စုမှာတော့ လက်ရှိမှာ ရာဘာအနံ့ရတာမရှိဘူးလို့ ဖန်မင်ကျေးရွာအုပ်စု ရပ်ကွက်စာရေး ကိုနေသူရကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၂၂)ရက်က ရာဘာအနံ့ဆိုးများထွက်ပေါ်နေပြီး ဒေသခံများကျန်းမာရေး ထိခိုက်နေတာကြောင့် ဖန်မင်ကျေးရွာအုပ်စုရှိ ဟုန်ပန်း​ရာဘာချက်စက်ရုံကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဝန်ခံကတိထိုးကာ ယာယီရပ်နားခိုင်းခဲ့တယ်လို့ သိရပါတယ်။

#ဆေးခမ်း

#ရန်အောင်မြေရပ်ကွက်

#ရာဘာအနံ့ဆိုးများ

#ပြန်လည်ထွက်ပေါ်

#ဒေသခံ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin