Language:

မယ်ဆိုင်မှာ တရုတ်တရားခံကို မှတ်ပုံတင်သွင်းပေးမှု အရာရှိဟောင်းအပါအဝင် လူ ၁၅ ဦး ဖမ်းဝရမ်းထုတ်


မယ်ဆိုင်မှာ တရုတ်တရားခံကို မှတ်ပုံတင်သွင်းပေးမှု အရာရှိဟောင်းအပါအဝင် လူ ၁၅ ဦး ဖမ်းဝရမ်းထုတ်

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် တရုတ်နိုင်ငံသားတစ်ဦးကို ဘတ် ၆၀,၀၀၀ ဖြင့် နိုင်ငံသားမှတ်ပုံတင် အထောက်အထားများ ပြုလုပ်ပေးခဲ့သည့် အကျင့်ပျက်ခြစားမှုကွန်ရက်ကို ဖော်ထုတ်ခဲ့ပြီး သက်ဆိုင်သူ ၁၅ ဦးအတွက် ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား လီရှီကျွင်းသည် တရုတ်နိုင်ငံသား နစ်နာသူ ၃,၀၀၀ ကျော်ကို လိမ်လည်ခဲ့ပြီး စုစုပေါင်း ဘတ် ၁၅ ဘီလီယံခန့် ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့သည့် အမှုနှင့် ဆက်စပ်သူဖြစ်သည်။

၎င်းကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးထောင်ချခဲ့ပြီးနောက် ၎င်း၏ မှတ်ပုံတင်အချက်အလက်များကို ဆက်လက်စစ်ဆေးရာမှ မယ်ဆိုင်မြို့နယ်ရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုအရ လီရှီကျွင်းသည် ထိုင်းနိုင်ငံတွင် နံပါတ် ၀ ပါ မှတ်ပုံတင်ကတ်ရရှိရန် ပွဲစားမှတစ်ဆင့် ဘတ် ၆၀,၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

၎င်းစာရင်းဝင်ထားသည့် အိမ်ထောင်စုစာရင်းတွင် အခြားလူရှစ်ဦး၏ အမည်များလည်း ပါဝင်သော်လည်း သက်ဆိုင်ရာလိပ်စာ၌ အမှန်တကယ် နေထိုင်သူမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၏ DOPA NICE အဖွဲ့က ဆက်လက်စုံစမ်းရာတွင် အုပ်ချုပ်ရေးအရာရှိဟောင်းများ၊ လက်ရှိအုပ်ချုပ်ရေးဝန်ထမ်းများ၊ ယာယီဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများနှင့် အိမ်ထောင်စုစာရင်းတွင် အတည်ပြုပေးသူများ ပါဝင်သည့် ပွဲစားကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုတွင် သက်ဆိုင်သူ ၁၅ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး လီရှီကျွင်းသည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးပါက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ကာ ဆက်လက်အရေးယူခံရမည်ဖြစ်သည်။

တရားမဝင်နည်းလမ်းများဖြင့် ရရှိထားသည့် ထိုင်းနိုင်ငံဆိုင်ရာ မှတ်ပုံတင်အထောက်အထားနှင့် အခွင့်အရေးများကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

#ကျားဖြန့်

#တရုတ်နိုင်ငံသား

#ထိုင်းမှပုံတင်

#အရာရှိဟောင်း

#မယ်ဆိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin