၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
အင်ဒိုနီးရှားနိုင်ငံက တောမီးတွေကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးမြူတွေ ပျံ့နှံ့လာတာကြောင့် မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ကျောင်းတွေ ပိတ်ထားရပါတယ်။
ဂျိုဟိုး၊ မလာကာ၊ ဆယ်လန်ဂေါနဲ့ ကွာလာလမ်ပူအပါအဝင် ဒေသအများအပြားမှာ လေထုအရည်အသွေးဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အဆင့်အထိ ဆိုးရွားလာတာပါ။
ကွာလာလမ်ပူမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း ၁၇၀ ဝန်းကျင်အထိ ရှိခဲ့ပြီး စင်ကာပူနိုင်ငံ အလယ်ပိုင်းမှာလည်း ၁၈၆ အထိ မြင့်တက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဘာတူပါဟတ်မြို့မှာတော့ အညွှန်းကိန်း ၂၀၃ အထိ ရောက်ရှိခဲ့ပါတယ်။
ကျောင်းတွေပိတ်ထားတဲ့အတွက် ကျောင်းသားတွေကို အိမ်ကနေ သင်ယူဖို့ ညွှန်ကြားထားပြီး ဆရာ၊ ဆရာမတွေလည်း အိမ်ကနေ အလုပ်လုပ်နိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ အားကစားပွဲတချို့ကိုလည်း ရွှေ့ဆိုင်းထားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အင်ဒိုနီးရှားသမ္မတနဲ့ ဆွေးနွေးထားပြီး မီးခိုးမြူပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
မီးခိုးမြူတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေအနေနဲ့ အထူးသတိထားဖို့နဲ့ ပြင်ပလှုပ်ရှားမှုတွေ လျှော့ချဖို့လည်း သတိပေးထားပါတယ်။

