၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပြီး ရန်ကုန်မြို့မှာ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၅,၀၀၀ အထိ ရောက်ရှိလာပါတယ်လို့ စက်သုံးဆီဈေးကွက်ထဲက စုံစမ်း သိရှိရပါတယ်။
အခုလို ဈေးနှုန်းမြင့်တက်လာတာဟာ နိုင်ငံတကာစက်သုံးဆီဈေးနှုန်းတွေနဲ့ အာရှဒေသတွင်း ဆီထောက်ပံ့မှု အခြေအနေတွေကြောင့်လည်း ဖြစ်တယ်လို့ စျေးကွက်အတွင်းက သိရှိရပါတယ်။
အောက်တိုဘာ ၉ ရက်အတွက် ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေအရ ရန်ကုန်မြို့မှာ 92 Ron ဓာတ်ဆီတစ်လီတာ ကျပ် ၄,၅၉၅၊ 95 Ron ဓာတ်ဆီ ကျပ် ၄,၇၇၀၊ ရိုးရိုးဒီဇယ် ကျပ် ၅,၀၀၀ နဲ့ ပရီမီယံဒီဇယ် ကျပ် ၅,၅၇၅ ရှိပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် 92 Ron ဓာတ်ဆီတစ်လီတာ ကျပ် ၅၅၊ 95 Ron ဓာတ်ဆီ ကျပ် ၄၀ နဲ့ ရိုးရိုးဒီဇယ် ကျပ် ၁၈၅ အသီးသီး မြင့်တက်ခဲ့ပါတယ်။ ပရီမီယံဒီဇယ်ကတော့ တစ်လီတာကို ကျပ် ၂၂၀ ကျဆင်းခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်းစက်သုံးဆီလိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် နိုင်ငံတကာဈေးနှုန်း အတက်အကျတွေက ပြည်တွင်းဈေးကွက်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။
ပြည်တွင်းစက်သုံးဆီရည်ညွှန်းဈေးကိုလည်း အာရှဒေသတွင်း စက်သုံးဆီဈေးနှုန်းအညွှန်းတစ်ခုဖြစ်တဲ့ စင်ကာပူ MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံက ဟောင်ကောင်နဲ့ မကာအိုကလွဲပြီး အခြားနိုင်ငံတွေကို စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းထားလို့ အာရှဒေသတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ထောက်ပံ့မှု ပိုမိုတင်းကျပ်လာခဲ့ပါတယ်။
Reuters သတင်းဌာနရဲ့ အောက်တိုဘာ ၂ ရက် သတင်းဖော်ပြချက်အရ ဒီအခြေအနေဟာ အာရှဈေးကွက်မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေနဲ့ ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာ ဖြစ်ပေါ်နေတဲ့ အနှောင့်အယှက်တွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒီဇယ်ထောက်ပံ့မှုအပေါ် ဖိအားတွေ ရှိနေတယ်လို့ Reuters က ဖော်ပြထားပါတယ်။
စက်သုံးဆီဈေး ဆက်လက်မြင့်တက်လာတာဟာ ကားအသုံးပြုသူတွေအပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက်ပါ ကုန်ကျစရိတ်ပိုမိုများပြားလာမှာကို ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဘက်က စိုးရိမ်နေကြပါတယ်။
သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာရင် ကုန်ပစ္စည်းဈေးနှုန်းတွေအပေါ်လည်း သက်ရောက်လာနိုင်မှာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
#ကျပ်၅,၀၀၀

