Language:

တာချီလိတ်မှာ ဂတ်စ်အလုံအလောက်မရတာကြောင့် ၄ ကီလိုတစ်လုံး ဘတ် ၃၀၀ အထိ ဈေးတက်


တာချီလိတ်မှာ ဂတ်စ်အလုံအလောက်မရတာကြောင့် ၄ ကီလိုတစ်လုံး ဘတ် ၃၀၀ အထိ ဈေးတက်

၇ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဂတ်စ်အိုးအလုံအလောက် မရရှိတာကြောင့် ၄ ကီလိုဂတ်စ်အိုးတစ်လုံးကို ယခင် ဘတ် ၂၀၀ မှ လက်ရှိ ဘတ် ၃၀၀ အထိ ဈေးနှုန်းမြင့်တက်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တာချီလိတ်မြို့မှာ တရားဝင်ဂတ်စ်အိုး ရောင်းချနေတဲ့ ဆိုင်ကြီးတွေက ယခင်က ၄ ကီလိုဂတ်စ်အိုးတစ်လုံးကို ဘတ် ၂၀၀ နဲ့ ရောင်းချခဲ့ရာကနေ လက်ရှိမှာ ဘတ် ၂၅၀ ဈေးနှုန်းနဲ့ စျေးတင်ပြီး ရောင်းချနေရတယ်လို့ သိရပါတယ်။

အဲဒီလို ဂတ်စ်အိုးဆိုင်ကြီးတွေထံကနေ ဝယ်ယူပြီး ပြန်လည်ရောင်းချနေသူတွေကလည်း ၄ ကီလိုဂတ်စ်အိုးတစ်လုံးကို ဘတ် ၃၀၀ အထိ ရောင်းချနေကြတာကြောင့် ယခင်ဈေးနှုန်းထက် ဘတ် ၁၀၀ မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

“ဟုတ်တယ်၊ ဈေးတက်သွားတယ်။ အရင်က ဂတ်စ်အိုးနဲ့ ပို့ခနဲ့ဆို ၂၄၀ ပေးရတယ်။ အခုထည့်တာ ၂၈၀ ပေးရတယ်။ ၄၀ တက်သွားတယ်။ ဂတ်စ်အိုးတင်မဟုတ်ဘူး အကုန်လုံးက ဈေးတက်နေတော့တာပဲ” လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဂတ်စ်အိုးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များက ပြည်တွင်းကနေ ဂတ်စ်အိုးအရည် ပြန်လည်ဝယ်ယူရာမှာ (၁) ကီလိုကို မြန်မာကျပ်ငွေ ၄၇၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားပြီး ထိုင်းဘတ်ငွေနဲ့ဆိုရင် (၁) ကီလိုကို ထိုင်းဘတ်ငွေ (၃) ဘတ်ခွဲအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ ရောင်းချနေတဲ့ ဂတ်စ်အိုးတွေကို ပြည်တွင်းကနေ တရားဝင်လမ်းကြောင်းဖြစ်တဲ့ သီလဝါဆိပ်ကမ်းကနေဝယ်ယူပြီး တာချီလိတ်ကို သယ်ဆောင်ကာ ပြန်လည်ရောင်းချနေရတာတွေရှိသလို ထိုင်းနိုင်ငံမှလဲ ဝယ်ယူသုံးစွဲနေရတာတွေလဲရှိတယ်လို့ သိရှိရပါတယ်။

တာချီလိတ်မြို့မှာ ရှိတဲ့ဂတ်စ်အိုးဈေးနှုန်းဟာ ရန်ကုန်ထက် သက်သာနေသေးတယ်လို့ ဂတ်စ်အိုးတရားဝင် ရောင်းချနေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ရန်ကုန်မှာ ကြိုက်ရောင်းကြိုက်ဝယ်၊ ဂတ်စ်အိုးကြီး ၄၈ ကီလိုတစ်လုံးကို ဘတ် ၅ သိန်းအထိ ပေါက်ဈေးဖြစ်နေပြီး တာချီလိတ်မှာတော့ ၄ သိန်းဈေးပဲရှိသေးတယ်။ ရန်ကုန်နဲ့ယှဉ်ရင် တာချီလိတ်က ပိုသက်သာနေသေးတယ်” လို့ အဆိုပါလုပ်ငန်းရှင်က ပြောပါတယ်။

ဂတ်စ်အိုးအရည်တွေကို အခြေအနေအရ ယခင်ဈေးနှုန်းထက် ပိုပြီးရောင်းချနေရပေမယ့် ရောင်းသူနဲ့ဝယ်သူကြား ဈေးနှုန်းကမောက်ကမဖြစ်မှာစိုးတာကြောင့် ထိန်းပြီးရောင်းချပေးနေတယ်လို့လည်း အဆိုပါလုပ်ငန်းရှင်က ဆိုပါတယ်။

တာချီလိတ်မြို့မှာရှိတဲ့ ဂတ်စ်အိုးအရောင်းဆိုင်တချို့က မဲခေါင်မြစ်နဲ့ မယ်ဆိုင်ဘက်ကနေ တရားမဝင် မှောင်ခိုတင်သွင်းပြီး ရောင်းချနေတယ်လို့လည်း အရှေ့သံလွင်က စုံစမ်းသိရှိရပါတယ်။

တာချီလိတ်မြို့မှာ ယခင်က တစ်လကို ဂတ်စ်အိုး အလုံး ၃,၀၀၀ ကျော်ခန့် တင်သွင်းရောင်းချနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တစ်လကို အလုံး ၂,၀၀၀ ခန့်သာ တင်သွင်းရောင်းချနိုင်တော့တယ်လို့ ဂတ်စ်အိုးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံက တာချီလိတ်ကို ၂၀၂၃ ခုနှစ်ကတည်းက လျှပ်စစ်မီးနဲ့ လောင်စာဆီအပါအဝင် အိမ်သုံး ဂတ်(စ)တွေတင်ပို့ခွင့်ကို ဒေသတွင်း ကျားဖြန့်လုပ်ငန်းတွေကြောင့် ကန့်သတ်မှုတွေပြုလုပ်ခဲ့တာ ယနေ့အချိန်ထိဖြစ်ပြီး လက်ရှိမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ မရှိတော့တာကြောင့် ပြန်လည်ဖြည်လျှော့ပြီး ဖွင့်လှစ်ပေးဖို့ လုပ်ငန်းရှင်တွေကလဲ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

#ဂတ်စ်အိုး

#လောင်စာ

#ဈေးကွက်

#သီလဝါ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin