Language:

နာမည်ကြီး အမှတ်တံဆိပ် ဘီယာအတုများ စုံစမ်းအရေးယူထားလို့ မိုင်းလားထုတ်ပြန်


နာမည်ကြီး အမှတ်တံဆိပ် ဘီယာအတုများ စုံစမ်းအရေးယူထားလို့ မိုင်းလားထုတ်ပြန်

၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ဒေသတွင်း နာမည်ကြီး အမှတ်တံဆိပ်နဲ့ ဘီယာအတုတွေ ရောင်းချနေတဲ့အပေါ် စုံစမ်းစစ်ဆေးပြီး အရေးယူထားတဲ့အပြင် ပြည်သူများက တိုင်ကြားနိုင်တယ်လို့ အထူးဒေသ(၄)မိုင်းလား စီးပွားရေးရာလုပ်ငန်းဌာနက အောက်တိုဘာ(၆)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အထူးဒေသ(၄) NDAA တပ်ဖွဲ့ ထိန်းချုပ်ရာ မိုင်းလားဒေသ ဈေးကွက်အတွင်း ပြည်တွင်း၊ ပြည်ပမှ နာမည်ကြီး ထုတ်ကုန်တံဆိပ်တွေကို အတုအပနဲ့ အရည်အသွေးနိမ့် ကုန်စည်တွေပြုလုပ်ပြီး ဖြုန့်ဖြူးနေတာတွေရှိတဲ့အတွက် စုံစမ်းစစ်ဆေးအရေးယူမှုတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိတာဖြစ်ပါတယ်။

“တရုတ်ပြည်တွင်း စက်ရုံတွေကနေ ဘီယာနဲ့ ဆေးလိပ်အတုတွေ ထုတ်လုပ်ပြီး မိုင်းလားကနေတဆင့် ပြည်တွင်းကို သွင်းတယ်လို့ ပြောနေကြတာကြာပြီ၊ တကယ်လဲ မြန်မာဘီယာနဲ့ မားဗီးယက်(စ)ဆေးလိပ် အတုတွေ မိုင်းလားကနေဝင်လာတာ၊ အခုဆို မြန်မာဘီယာသောက်တဲ့သူတောင် ရှားသွားပြီ အတုတွေခဏခဏ သောက်မိလို့တဲ့”လို့ မိုင်းလားမြို့နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အတုပြလုပ်ထားတဲ့ ထုတ်ကုန်တွေကို တရုတ်နိုင်ငံမှတဆင့် မိုင်းလားဒေသတွင်း ဝင်ရောက်လာကာ မဲခေါင်မြစ်ကြောင်းကနေ သင်္ဘောနဲ့တင်ဆောင်ပြီး တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီးသို့တင်ပို့ကာ ပြည်တွင်းမှာ ပြန်လည်ဖြန့်ဖြူးတာတွေရှိတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

မိုင်းလားတပ်ဖွဲ့အနေနဲ့ အမှတ်တံဆိပ်ခွင့်ပြုချက်နဲ့ စီးပွားရေးလုပ်ကိုင်မှုတွေကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့ ခွင့်ပြုချက် စာရွက်စာတမ်းများမရှိဘဲ သီးသန့်အမှတ်တံဆိပ်ကြော်ငြာခြင်းနဲ့ ရင်းနှီးမြုပ်နှံသူခေါ်ယူခြင်းနဲ့ ကိုယ်စားလှယ်ပေးခြင်းများပြုလုပ်ပါက ဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တဲ့အတွက် ဒေသခံများအနေနဲ့ မူပိုင်ခွင့်ချိုးဖေါက်မှု၊ အတုအပလုပ်ဆောင်မှုနဲ့ ရောင်းချမှုတွေကို သက်ဆိုင်ရာကို တိုင်ကြားဖို့ သတင်းထုတ်ပြန်ထားပါတယ်။

#အတုအပ

#ထုတ်ကုန်

#ဘီယာ

#ဆေးလိပ်

#မိုင်လား

#အထူးဒေသ၄

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin