၆ အောက်တိုဘာလ ၂၀၂၆(Eastern ThanLwin)
NPW
လယ်ယာကဏ္ဍမှာ သီးထပ်စွမ်းအားတိုးမြင့်လာစေပြီး ကုန်ထုတ်လုပ်မှုတိုးတက်စေဖို့အတွက် မြေတစ်မျိုးတည်းမှာ သီးထပ်သီးနှံစိုက်ပျိုးရင် တိုးမြှင့်ချေးငွေနှုန်းအတိုင်း ချေးငွေ ထပ်မံထုတ်ချေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်နှုန်းထားတွေထက် ပျှမ်းမျှနှစ်ဆတိုးပြီး မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် ထုတ်ချေးပေးနေတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးချိန်ကစပြီး မြေတစ်မျိုးတည်းမှာ သီးထပ်သီးနှံအဖြစ် စိုက်ပျိုးပါက တိုးမြှင့်ချေးငွေနှုန်းထားအတိုင်း ချေးငွေ ထပ်မံထုတ်ချေးသွားမှာဖြစ်ပါတယ်။
စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံ၊ ချည်မျှင်ရှည်ဝါနဲ့ ချက်ကြံစတဲ့ အဓိကသီးနှံ ၁၀ မျိုးအတွက် အောက်တိုဘာ ဒုတိယအပတ်မှာ စတင် ထုတ်ချေးသွားမှာဖြစ်တာကြောင့် ဆောင်းရာသီမှာ စိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်တွေ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်ကစပြီး တောင်သူတွေ သီးနှံစိုက်ပျိုးထုတ်လုပ်တာမှာ ငွေ ကြေးအရင်းအနှီး အခက်အခဲမရှိစေဖို့ စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါတစ်ဧက ကျပ် ၃၀၀၀၀၀ အထိလည်းကောင်း၊ အခြားသီးနှံ (၁၈)မျိုးအတွက် တစ်ဧက ကျပ် ၂၅၀၀၀၀ အထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုန်လျှော် တစ်ဧက ကျပ် ၁၅၀၀၀၀ အထိလည်းကောင်း တိုးမြှင့်ထုတ်ချေးပေးနေတာဖြစ်ပါတယ်။
ယခင်က စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါတစ်ဧက ကျပ် ၁၅၀၀၀၀၊ အခြားသီးနှံ (၁၈)မျိုးအတွက် တစ်ဧက ကျပ် ၁၀၀၀၀၀ နဲ့ ပန်းနှမ်း၊ ဆီမုန်ညှင်း၊ ဂုန်လျှော် တစ်ဧကအတွက်လည်း ကျပ် ၁၀၀၀၀၀ ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။

