Language:

မော်တော်ယာဉ်များအား ပညာပေးကာလသတ်မှတ်ပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူတော့မည်


မော်တော်ယာဉ်များအား ပညာပေးကာလသတ်မှတ်ပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူတော့မည်

၃၀ ဇူလိုင်လ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ လမ်းမများပေါ်တွင် စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားထားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပြီး ဒေသခံများ သွားလာရေးအဆင်မပြေမှုများ ကြုံတွေ့နေရတာကြောင့် စည်းကမ်းမဲ့ယာဥ်များကို တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပညာပေးကာလ သတ်မှတ်ပေးပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

တာချီလိတ် အမှတ် (၁၂၁) ယာဥ်ထိန်းရဲတပ်ဖွဲ့က ဒေသခံပြည်သူများ လမ်းသွားလမ်းလာ အဆင်ပြေချောမွေ့စေရေးအတွက် ယာဉ်မရပ်ရနေရာများတွင် ရပ်နားခြင်း၊ ယာဉ်ရပ်နားရန် သတ်မှတ်ထားသောနေရာများတွင် ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ ယာဉ်ကြော ပြောင်းပြန်ရပ်နားထားခြင်းတို့အား မပြုလုပ်ကြပါရန် သတိပေးနှိုးဆော်ထားပါတယ်။

ယနေ့ ဇူလိုင်လ (၃၀)မှစပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့က သြဂုတ်လ (၂) ရက်နေ့အထိ ပညာပေးကာလအဖြစ် သတိပေးကာလအဖြစ် သတ်မှတ်ပေးထားမှာ ဖြစ်ပြီး သြဂုတ်လ (၃) ရက်နေ့မှ စတင်ကာ စည်းကမ်းမဲ့ ရပ်နားထားတဲ့ မော်တော်ယာဥ်များကို ဖမ်းဆီးအရေးယူမယ်လို့သိရှိရပါတယ်။

စည်းကမ်းမဲ့ ယာဥ်ရပ်နားထားခြင်းများ စစ်ဆေးတွေ့ရှိပါက တာချီလိတ်ယာဥ်ထိန်းရဲတပ်ဖွဲ့က ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည့်အပြင် မော်တော်ယာဉ်အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

#မော်တော်ယာဉ်

#ယာဥ်ထိန်းရဲတပ်ဖွဲ့

#တာချီလိတ်မြို့

#ယာဉ်အန္တရာယ်ကင်းရှင်းရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia

ဆက်စပ်သတင်းများ

Eastern Thanlwin