Language:

မြန်မာ့မီးရထားလုပ်ငန်းမှာ အမျိုးသမီး စက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မယ်


မြန်မာ့မီးရထားလုပ်ငန်းမှာ အမျိုးသမီး စက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မယ်

၅ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

မြန်မာ့မီးရထားလုပ်ငန်းမှာ အမျိုးသမီးများအနေနဲ့ စက်ခေါင်းမောင်းနှင်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးနေပြီး လက်ရှိ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦး သင်တန်းအောင်မြင်ထားတယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက သိရပါတယ်။

အဆိုပါ အမျိုးသမီး စက်ခေါင်းမှူးများဟာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကနေ AGTI ဒီပလိုမာရရှိထားသူတွေဖြစ်ပြီး မြန်မာ့မီးရထားရဲ့ စက်ခေါင်းမှူးများအဖြစ် လေ့ကျင့်မွေးထုတ်ပေးတဲ့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (မိတ္ထီလာ) မှာ သင်တန်းတက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သင်တန်းကာလ ၂၉ ပတ်အတွင်း ရထားတွဲရွှေ့ပြောင်းမောင်းနှင်ခြင်း၊ ရထားလမ်းကြောင်းအခြေအနေ လေ့လာလိုက်ပါခြင်း၊ လက်တွေ့စမ်းသပ်မောင်းနှင်ခြင်း၊ စာတွေ့နဲ့ လက်တွေ့စစ်ဆေးတာအပြင် လူတွေ့မေးမြန်းစစ်ဆေးမှုတွေကိုပါ သင်ယူခဲ့ကြပြီး သတ်မှတ်ထားတဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းအောင်မြင်ထားတဲ့ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က စတင်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ DEMU နဲ့ RBE ရထားခရီးစဉ်တွေမှာ စက်ခေါင်းမှူးတာဝန်နဲ့ စတင်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့လည်း အမျိုးသားဝန်ထမ်းများသာမက အမျိုးသမီးဝန်ထမ်းများကိုပါ သက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်တွေအတွက် ခေါ်ယူလေ့ကျင့်ပေးနေပြီး ယခုအခါ အမျိုးသမီးတွေက ရထားစက်ခေါင်းမောင်းနှင်တဲ့ တာဝန်ကိုပါ စတင်ထမ်းဆောင်လာတော့မှာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီး စက်ခေါင်းမှူးများရဲ့ တာဝန်ထမ်းဆောင်မှုဟာ မြန်မာ့မီးရထားလုပ်ငန်းခွင်အတွင်း အမျိုးသမီးဝန်ထမ်းများ ပါဝင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတာဝန်အပိုင်းကို ပိုမိုကျယ်ပြန့်လာစေမယ့် အခြေအနေတစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

#မြန်မာ့မီးရထားလုပ်ငန်း

#အမျိုးသမီးစက်ခေါင်းမှူး

#ပို့ဆောင်ရေး

#ရထားခရီးစဉ်

#တာဝန်ထမ်းဆောင်မယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin