Language:

ပေါ်ဆန်းမွှေးဆန် ဈေးနှုန်းတည်ငြိမ်စေရေး ဆန်ရောင်းဝယ်သူများကို စည်းကမ်းချက်အသစ်များ ထုတ်ပြန်အသိပေး


ပေါ်ဆန်းမွှေးဆန် ဈေးနှုန်းတည်ငြိမ်စေရေး ဆန်ရောင်းဝယ်သူများကို စည်းကမ်းချက်အသစ်များ ထုတ်ပြန်အသိပေး

၄ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ကြည်ညို

မြန်မာ့ပေါ်ဆန်းမွှေး ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနဲ့ ပြည်ပဈေးကွက်ကို ဆန်တင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေး ဆန်ရောင်းဝယ်သူတွေ လိုက်နာရမယ့် စည်းကမ်းချက် အသစ်တွေကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ စည်းကမ်းချက်တွေကို ကြေညာချက်အမှတ် (၂/၂၀၂၆) နဲ့ ယမန်နေ့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆန်ရောင်းဝယ်သူတွေအနေနဲ့ နေ့စဉ်လုပ်ငန်းဆိုင်ရာ စာရင်းတွေကို စနစ်တကျ တင်ပြဖို့ အသင်းက အသိပေးထားပါတယ်။

ဆန်စပါးကုန်စည်ဒိုင်တွေမှာ ဆန်ရောင်းဝယ်နေသူတွေအနေနဲ့ ဆန်စီးဝင်၊ စီးထွက်စာရင်းတွေကို သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဖြည့်သွင်းပြီး သက်ဆိုင်ရာ ကုန်စည်ဒိုင်ထံ နေ့စဉ်ပေးပို့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန်သိုလှောင်ထားရှိမှုနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအတွင်းရှိ ဆန်ရောင်းဝယ်သူ အသင်းဝင်တွေဟာ MyRo သိုလှောင်ရုံမှတ်ပုံတင်စနစ်ကနေတစ်ဆင့် လက်ရှိသိုလှောင်ထားတဲ့ ဆန်ပမာဏတွေကို သတ်မှတ်ချက်တို့ဖြင့် အချိန်နဲ့ တစ်ပြေးညီ စာရင်းသွင်းထားရမယ်လို့ ဆိုပါတယ်။

ဆန်ဈေးနှုန်းတွေ တက်လာစေဖို့ ရည်ရွယ်ပြီး ပုံမှန်ရောင်းဝယ်မှုပုံစံနဲ့ မကိုက်ညီတဲ့ အရောင်းအဝယ်တွေ မလုပ်ဖို့လည်း ဆန်စပါးကုန်သည်များအသင်းက သတိပေးထားပါတယ်။

အထူးသဖြင့် သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ ဆန်စပါးကုန်စည်ဒိုင်အတွင်း၊ အပြင် နေရာတွေမှာ ပွဲစားအဆင့်ဆင့်ခံပြီး ဆန်အရောင်းအဝယ် ပြုလုပ်တာတွေကို ရှောင်ရှားဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်ရောင်းဝယ်သူတွေအနေနဲ့ သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းနဲ့ လုပ်ငန်းစည်းကမ်းတွေကို ပူးပေါင်းလိုက်နာပေးကြဖို့ အသင်းက တိုက်တွန်းထားပါတယ်။

အသစ်ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေဟာ ပြည်တွင်းပေါ်ဆန်းဆန်ဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးအပြင် ပြည်ပဈေးကွက်ကို ဆန်တင်ပို့မှု ပိုမိုတိုးချဲ့နိုင်ရေးအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

#ပေါ်ဆန်းမွှေးဆန်

#ဈေးနှုန်းတည်ငြိမ်စေရေး

#ဆန်ရောင်းဝယ်သူ

#စည်းကမ်းချက်

#ဆန်စပါးကုန်စည်ဒိုင်

#ပြည်တွင်းပေါ်ဆန်း

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin