၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Asian Games MLBB ပြိုင်ပွဲဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင် Team Zanaka အသင်းဟာ အင်ဒိုနီးရှားအသင်းကို အနိုင်ရယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Team Zanaka အသင်းဟာ ယနေ့ အောက်တိုဘာ ၁ ရက်က ကျင်းပတဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ပွဲစဉ်နောက်ဆုံးမှာတော့ အနိုင်ရရှိကာ ချန်ပီယံဆုနဲ့အတူ ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ အောင်မြင်မှုဟာ မြန်မာ့လက်ရွေးစင် MLBB အသင်းအတွက် အရေးပါတဲ့ အောင်မြင်မှု တစ်ရပ် ဖြစ်လာခဲ့သလို Asian Games ပြိုင်ပွဲကနေ မြန်မာနိုင်ငံအတွက်လည်း ရွှေတံဆိပ်ဆုတစ်ခု ထပ်မံရရှိစေခဲ့တာပါ။
Team Zanaka အသင်းရဲ့ အောင်မြင်မှုနဲ့အတူ မြန်မာ့ Esports ကဏ္ဍအတွက်လည်း အားတက်စရာ ရလဒ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
Team Zanaka သည် စက်တင်ဘာ ၂၉ ရက်က စတင်ခဲ့တဲ့ MLBB ပြိုင်ပွဲအုပ်စုအဆင့်မှာ ဥဇဘက်ကစ္စတန်နဲ့ ဟောင်ကောင်အသင်းတို့ကို ၂-၀ စီဖြင့် အနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်မှာတော့ ကမ္ဘောဒီးယားအသင်းကို ၂-၁ ၊ ဆီမီးဖိုင်နယ်မှာ မလေးရှားအသင်းကို ၂-၀ နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
Team Zanaka ဟာ ၂၀၂၅ ခုနှစ်က ကျင်းပခဲ့တဲ့ National Esports Championship ကနေ တစ်ဆင့် မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး Team Zanaka ဖွဲ့စည်းရာမှာ အဓိကပါဝင်ခဲ့တဲ့ Falcon Esports သည် ၂၀၂၃ ခုနှစ် ၃၂ ကြိမ်မြောက် SEA Games MLBB အမျိုးသားပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ရရှိခဲ့ပါသေးတယ်။

